နောက်ဆုံး ၁ဝ နှစ် အတွင်း အပြောင်းအရွှေ့ အသုံးစရိတ် စာရင်းမှာ ထိပ်ဆုံး ရောက်ခဲ့တဲ့ မန်ယူ အသင်း

ဒီနောက်ပိုင်း ဘောလုံးရာသီ (၁၀)ရာသီအတွင်း ကစားသမားခေါ်ယူမှုအတွက် အသုံးစရိတ် အများဆုံး ကလပ်အသင်း စာရင်းမှာ မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံးနေရာ ရပ်တည်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အခုနွေရာသီကာလအတွင်း မေဆင်မောင့်၊ အိုနာနာတို့ကို (ထပ်ဆောင်း ကြေး မပါ) ပေါင်သန်း(၁၀၀)နီးပါး အသုံးပြု ခေါ်ယူခဲ့ပြီး အတ္တလန်တာတိုက်စစ်မှူးဟွိုင်လန်းကိုလည်း ပေါင်(၅၁)သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။

ဒါပေမဲ့လည်း UEFA ရဲ့ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းနဲ့ကိုက်ညီဖို့အတွက် ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေကလို ငွေသုံးကြမ်းလို့မရဘဲ အကန့်အသတ်နဲ့သာ သုံးစွဲနေရတာဖြစ်ပါတယ်။

နာမည်ကျော်အားကစားဝက်ဘ်ဆိုက်ဖြစ်တဲ့ Transfermarkt က ၂၀၁၃ ကနေ လက်ရှိအချိန်အထိ (၁၀)ရာသီ အတွင်း ငွေသုံး အများဆုံးကလပ်အသင်းတွေကို စာရင်းထုတ်ပြန်ခဲ့ပြီး ယူနိုက်တက်အသင်းက ပေါင်(၁.၁၁)ဘီလီယံနဲ့ အများဆုံး ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘီလီယံနဲ့ချီပြီး ငွေသုံးခဲ့ပေမယ့် ဒီ ဆယ်နှစ်တာ အတွင်း ပရီးမီးယားလိဂ်ဖလားတစ်ခါမှ မရခဲ့ဘဲ အဓိက ဆုဖလားအဖြစ် FA ဖလား(၁)ကြိမ်၊ လိဂ်ဖလား(၂)ကြိမ်၊ ယူရိုပါလိဂ်(၁)ကြိမ်သာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲဒီရာသီတွေအတွင်း ယူနိုက်တက်တို့ ပေ့ါဘာ (ပေါင်၈၉သန်း)၊ မက်ဂွိုင်းယား (ပေါင်သန်း၈၀)၊ လူကာကူ (ပေါင်၇၅သန်း)တို့ကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပေမယ့် အဲဒီကစားသမားတွေဟာ မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်ခဲ့ကြပါဘူး။

ငွေကြေးသုံးစွဲမှုအများဆုံး ထိပ်ဆုံး (၃)သင်းစာရင်းမှာ ယူနိုက်တက်နဲ့အတူ မန်စီးတီး၊ အာဆင်နယ်တို့လည်း ပါဝင်ခဲ့ပြီး မန်စီးတီးအသင်းက ပေါင်သန်း(၈၇၀)၊ အာဆင်နယ်က ပေါင်သန်း(၈၆၀) သုံးစွဲခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒုတိယငွေသုံးအများဆုံးဖြစ်ခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုနဲ့ နှိုင်းယှဉ်ရင် ငွေကြေးကို အကျိုးရှိရှိ အသုံးချနိုင်ပြီး ပရီးမီးယားလိဂ်ဖလား(၅)ကြိမ်အပါအဝင် ပြည်တွင်းဆုဖလားတွေ အများကြီးရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ ပေါင်သန်း(၈၆၀)အထိ သုံးစွဲခဲ့ပေမယ့် FA ဖလားနဲ့သာ ကျေနပ်ခဲ့ရပြီး ၂၀၁၇-၁၈ ကနေ ၂၀၂၂-၂၃ ရာသီအထိ (၆)ရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ပါဘူး။

အခုစာရင်းမှာ PSG (ပေါင် ၈၂၃သန်း)၊ ချယ်လ်ဆီး (ပေါင် ၆၁၇သန်း)၊ ဘာစီလိုနာ (ပေါင် ၅၁၁သန်း)တို့ ပါဝင်ခဲ့ကြပါတယ်။

ထူးခြားတာက လာလီဂါထိပ်သီး ရီးယဲလ်အသင်းဟာ (၁၀)ရာသီအတွင်း အသုံးစရိတ် စုစုပေါင်း ပေါင်(၂၁၄)သန်းနဲ့ အဆင့်(၁၈)နေရာမှာသာ ရပ်တည်ခဲ့ပြီး ငွေကြေးသုံးစွဲမှု နည်းခဲ့ပေမယ့် ချန်ပီယံလိဂ်(၅)ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။