ကစားသမား ၂ ဦး အရင် ရောင်းပြီးမှ အမ်မရာဘတ် ကို ခေါ်ဖို့ လှုပ်ရှားမယ့် မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းက လက်ရှိမှာ ကွင်းလယ် ကစားသမားနှစ်ဦးဖြစ်တဲ့ ဖရက်ဒ် နဲ့ ဒွန်နီ ဗန်ဒီဘိခ် တို့ကို ရောင်းချဖို့ အရင် လုပ်ဆောင်နေပါတယ်။ ဒီကစားသမားတွေ ထွက်ခွာသွားပြီဆိုရင်တော့ မော်ရိုကို ကွင်းလယ်လူ ဆိုဖန် အမ်မရာဘတ်ကို အရ ခေါ်ယူသွားတော့မယ်လို့ သိရှိရပါတယ်။

လက်ရှိမှာ ဖရက်ဒ်ကို တူရကီကလပ် ဂါလာတာစာရေးအသင်းက စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှုတွေလည်း ရှိနေသလို ဗန်ဒီဘိခ် ကိုလည်း လာလီဂါကလပ် ဆိုစီဒက်အသင်းက ခေါ်ယူနေချင်ကာ ယူနိုက်တက်နဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ယူနိုက်တက်ကလည်း အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ တွမ်မီနေး ဖရက်ဒ် နဲ့ ဗန်ဒီဘိခ် တို့ကို ရှင်းထုတ်သွားချင်နေပြီး တွမ်မီနေးကိုလည်း ဝက်စ်ဟမ်းအသင်းက အလိုရှိနေပေမယ့် ယူနိုက်တက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက ဝက်စ်ဟမ်း ကမ်းလှမ်းထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ အတော်လေး ကွာဟနေရပါတယ်။

ဒီအချိန်မှာ နောက်ထပ် ကွင်းလယ်လူ (၂)ဦးဖြစ်တဲ့ ဖရက်ဒ် နဲ့ ဗန်ဒီဘိခ် ကတော့ အသင်းကနေ ထွက်ခွာဖို့ နီးစပ်လျက် ရှိနေပြီး ဒီကစားသမားတွေအတွက် ယူနိုက်တက်က အငှား ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် မရှိပဲ အပြီးသတ်သာ ရောင်းထုတ်ဖို့ ရှိနေပါတယ်။

ဒီကစားသမားတွေ အသင်းနဲ့ လမ်းခွဲသွားပြီဆိုရင်တော့ ယူနိုက်တက်က သူတို့ ပစ်မှတ်ထားနေတာ အချိန်တစ်ခု ကြာမြင့်နေပြီဖြစ်တဲ့ ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘတ်အတွက် တရားဝင် ကမ်းလှမ်းမှုတွေကို စတင် လုပ်ဆောင်ပါလိမ့်မယ်။

အမ်မရာဘတ် ကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့်လည်း ယူနိုက်တက် ဘက်ကတော့ အမ်မရာဘတ်အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ရသေးခြင်း မရှိပဲ ဖရက်ဒ် နဲ့ ဗန်ဒီဘိခ် တို့ အသင်းကနေ အရင်ဆုံး ထွက်ခွာသွားနိုင်ဖို့ကိုသာ ဦးစားပေး လုပ်ဆောင်နေရပါတယ်။