အိုနာနာနဲ့ တင် မပြီးသေးဘဲ ဂိုးသမားသစ် ထပ်ခေါ်ဖို့ မန်ချက်စတာ ယူနိုက်တက် လှုပ်ရှားနေ
နည်းပြ တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ဒီနွေမှာ ဂိုးသမားနေရာအတွက် အိုနာနာကိုခေါ်ယူပြီးဖြစ်ပေမဲ့ နသန်ဘစ်ရှော့အား ဆန်းဒါးလန်းအသင်းကို ရောင်းချပြီး အရန်ဂိုးသမား ထပ်မံ ရှာဖွေနေပါတယ်။
ယူနိုက်တက်အသင်းနဲ့ ဝရက်စ်ဟမ်းအသင်းတို့ ခြေစမ်းကစားခဲ့ကြတဲ့ ပွဲစဉ်တွင် ဘစ်ရှော့အနေဖြင့် ဝင်ရောက် ကစားခွင့်ရထားခဲ့ပြီး ထိုပွဲမှာ ဘစ်ရှော့က လျှံထွက်လာတဲ့ ဘောလုံးကို ထွက်ဆွဲရာမှာ ဝရက်စ်ဟမ်း တိုက်စစ် ကစားသမား ပေါမူလင်ကို လက်သီးနဲ့ ထိုးခဲ့မိတာကြောင့် မူလင် အတော် အထိနာသွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းက ဝါရင့်ဂိုးသမား ဒီဂီယာရဲ့ နေရာတွင် ပွဲထွက်ကစားသမားအဖြစ် ထိပ်တန်းဂိုးသမားတစ်ဦးကို ခေါ်ယူရန် အချိန်အတန်ကြာ လုပ်ဆောင်ခဲ့ရပြီး အင်တာမီလန်အသင်းနဲ့အတူပုံစံကောင်းပြသထားတဲ့ ကင်မရွန်းဂိုးသမား အိုနာနာကို ခေါ်ယူရေး အမှန်တကယ်အထမြောက်ခဲ့ပေမဲ့ အရန်ဂိုးသမားနေရာတွက် ဂိုးသမား ထပ်မံရှာဖွေနေသေးတာလည်း ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းပါအဝင် နော်တင်ဟမ်ဖော်ရက်စ်အသင်းနဲ့ နန့်တက်စ် အသင်းတို့ကလည်း နယူးအင်္ဂလန် ရီဗော်လူးရှင်းဂိုးသမား ပက်ထရိုဗစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ကစားသမားက ကလပ်အသင်းနဲ့ လေ့ကျင့်မှုအစီအစဉ်မှ အနားယူနေခဲ့ပါတယ်။
အရန်ဂိုးသမားနေရာအတွက် ယူနိုက်တက်အသင်း ပစ်မှတ်ထားနေတဲ့ ပက်ထရိုဗစ်က မေဂျာလိဂ်ကလပ်အသင်းတွက် ပွဲပေါင်း ၂၃ပွဲကစားပေးထားရာမှာ ပေဂိုးမဲ့ပွဲ ၇ပွဲအထိ ဖော်ဆောင်ပေးထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကြီးတွင် နေရာရရန် ဘစ်ရှော့အနေဖြင့် ခက်ခဲနေချိန် ဆန်းဒါးလန်းအသင်းက ခေါ်ယူရန် ချိတ်ဆက်လာခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုရခဲ့သလို ကစားသမားအနေဖြင့် ဆန်းဒါးလန်း အသင်းတွင် ၃နှစ်စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းက ချက်ဂိုးသမား ကိုဗာကို အငှားချရန် လုပ်ဆောင်နေသလို နသန်ဘစ်ရှော့ကိုပါ ရောင်းချ ခဲ့တာကြောင့် အရန်ဂိုးသမား တစ်ဦးကို မဖြစ်မနေ ပြန်လည် ရှာဖွေသွားရနိုင်တာပဲ ဖြစ်ပါတယ်။