လန်းစ်ကို နိုင်ခဲ့ပေမယ့် ချာခဲ့တဲ့ အိုနာနာ၊ မောင့်နဲ့ ရာသီမစခင် ပြင်ဆင်ရမယ့် မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက အိုးလ်ထရက်ဖို့ဒ်မှာ လန်းစ်ကို အနိုင်ရခဲ့ပေမယ့် ခြေစွမ်းပိုင်းကတော့ သိပ်ပြီးအားရစရာ မကောင်းခဲ့ပါဘူး။
ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူးမှာ ချန်ပီယံဆုအတွက် ထိပ်သီးကလပ် PSG အသင်းကို ဖိအားပေးခဲ့ပြီး အဆင့်(၂) နေရာရခဲ့တဲ့ လန်းစ်အသင်းဟာ ပထမပိုင်းမှာ ယူနိုက်တက်ကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့တယ်။
နည်းပြ အဲရစ်တန်ဟက်က ကွင်းလယ်မှာ မေဆင်မောင့်နဲ့ ကတ်စ်မဲရိုးတို့ကို တွဲပြီး ပွဲထုတ်ခဲ့ပေမယ့် အမှန်တကယ် ကစားချိန်မှာတော့ မေဆင်မောင့်က ဘယ်ခြမ်း၊ ဘရူနိုဖာနန်ဒက်စ်က ညာခြမ်းထွက်ပြီးတော့ ကတ်စ်မဲရိုးက Single Pivot အဖြစ် ကစားသွားတဲ့အတွက် (၄-၁-၂-၃)ပုံစံဖြစ်ခဲ့တယ်။

ဒါပေမဲ့ ဝိတ်တက်နေတဲ့ ကတ်စ်မဲရိုးဟာ လေးနေပြီဖြစ်တာကြောင့် ခံစစ်၊ တိုက်စစ် အပြောင်းအလဲတွေမှာ ချိန်သားကိုက် မရွေ့လျားနိုင်တဲ့အတွက် ယူနိုက်တက်အသင်း High Pressing ကစားပြီဆိုရင် ကွင်းလယ်မှာ Space တွေ ဖြစ်ခဲ့တာကိုလည်း တွေ့ရတယ်။
ယူနိုက်တက်အသင်းမှာ အားရဖို့ကောင်းတဲ့တစ်ချက်က ခံစစ်-တိုက်စစ် Transition အပြောင်းအလဲတွေမှာ အရင် ကထက် ပိုထိရောက်မှုရှိလာပြီး အထူးသဖြင့် အာဂျင်တီးနားကြယ်ပွင့် ဂါနာချိုဟာ Counter Attacking စပြီဆိုရင် သူ့ရဲ့ လျင်မြန်တဲ့ Pace ၊ တစ်ဦးချင်း Skill တွေကြောင့် လန်းစ်အသင်း ခံစစ်ကစားသမားတွေ တော်တော်လေး အလုပ်များခဲ့ရတယ်။
ပထမပိုင်းမှာ ပယ်နယ်တီဧရိယာထဲ ဂါနာချို အပိုင်ချိုးပေးလိုက်တာကို မေဆင်မောင့် လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်း ခဲ့ပေမယ့် ထိချက်မမှန်တာကြောင့် လွဲချော်ခဲ့ပြီး ဒါက မေဆင်မောင့်ရဲ့ အရည်အသွေးကို မေးခွန်းထုတ်ရမယ့် အနေအထားပါပဲ။
အဲရစ်တန်ဟက်က ဘရူနိုဖာနန်ဒက်စ်ရဲ့ Work load တွေကို လျှော့ချနိုင်ဖို့ မေဆင်မောင့်ကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် အခုလောလောဆယ် အထိတော့ မေဆင်မောင့်ဟာ ဘာမှ ထိထိရောက်ရောက် မလုပ်ပြနိုင်သေးပါဘူး။
ပွဲချိန် (၂၃)မိနစ်မှာ လန်းစ်အသင်း အဖွင့်ဂိုးရခဲ့ပြီး ဒါလော့တ်ရဲ့ လူပေးမှားမှုကနေ တိုက်စစ်မှူး ဆတိုကာက ကွင်းလယ်နားက လှမ်းကန်သွင်းခဲ့တာဖြစ်ပါတယ်။
ဒါက ယူနိုက်တက်ဂိုးသမားအိုနာနာ ရှေ့တက်လွန်းတဲ့အတွက် သူ့ကို ကျော်ပြီးတော့ ဂိုးဝင်သွားတာဖြစ်ပြီး အိုနာနာရဲ့ကစားဟန်အရ လာမယ့်ရာသီသစ်ကျရင် ဒီလိုမျိုးဂိုးတွေ မကြာခဏဆိုသလို ပေးရဖို့ရှိတယ်လို့မြင်မိတယ်။
ဒုတိယပိုင်းစလို့ မိနစ်ပိုင်းအကြာမှာပဲ ယူနိုက်တက်ချေပဂိုးရခဲ့ပြီး အန်တိုနီ အကွက်မြင်မြင် ထိုးပေးလိုက်တာကို ရပ်ရှ်ဖို့ဒ်က ကန်သွင်းခဲ့ပါတယ်။
ချက်ချင်းဆိုသလိုပဲ ယူနိုက်တက် ဒုတိယဂိုးရခဲ့ပြီး (၅၃)မိနစ်မှာ ဂါနာချိုရဲ့ ဖန်တီးပေးမှုကနေ အန်တိုနီက ဘယ်ခြေနဲ့ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် (၆)မိနစ်အကြာမှာတော့ လုခ်ရှောက ပြစ်တင်ဘော ကန်တင်ပေးလိုက်တာကို ရပ်ရှ်ဖို့ဒ် ခေါင်းတိုက်တာမှာ ကတ်စ်မဲရိုးနဲ့ထိပြီး ဂိုးဝင်သွားတာကြောင့် ယူနိုက်တက်တို့ တတိယဂိုးရခဲ့တယ်။
လက်ကျန်မိနစ်တွေမှာတော့ နှစ်သင်းစလုံး ဂိုးထပ်မသွင်းနိုင်တော့လို့ (၃-၁)ဂိုးနဲ့ပွဲပြီးခဲ့ပြီး ယူနိုက်တက်အသင်းဟာ ခြေစမ်းပွဲ(၃)ပွဲဆက်အရှုံးကို ရပ်တန့်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ခြေစွမ်းပိုင်းဟာ လိုအပ်ချက်တွေရှိနေဆဲဖြစ်ပြီး အဲရစ်တန်ဟက်အနေနဲ့ ရာသီသစ်မစခင် ပြင်ဆင်နိုင်ဖို့ လိုအပ်နေပါပြီ။ အခုပွဲမတိုင်ခင် ယူနိုက်တက်ဟာ တိုက်စစ်မှူးသစ် ဟွိုင်လန်းဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း ပရိသတ်တွေနဲ့တွေ့ဆုံမိတ်ဆက်ခဲ့ပါတယ်။