ကွင်းထဲမှာ မှားပြန်လို့ ၁ဝ နှစ်ကျော် ငယ်တဲ့ ဂျူနီယာလေး ဟောက်တာ ခံရတဲ့ မက်ဂွဲရား၊ ဂေါင်းကြီးကို စိတ်ပျက်ကြတဲ့ သရဲနီ ပရိသတ်များ
မနေ့ညက အက်သလစ် ဘီလ်ဘာအိုနဲ့ခြေစမ်းပွဲမှာ မန်ချက်စတာယူနိုက်တက် ဝါရင့် နောက်ခံလူ မက်ဂွိုင်းယားဟာ ဂျူနီယာကစားသမား ဒန်ဂေါ်ရဲ့ ပြစ်တင်ဝေဖန်တာခံခဲ့ရတဲ့အတွက် ပရိသတ်တွေကတော့ မက်ဂွိုင်းယားရဲ့အဆင့်က တော်တော်လေးကျဆင်းသွားပြီလို့ သုံးသပ်နေကြပါတယ်။
ထိုပွဲမှာ မန်ယူက ဘီလ်ဘာအိုနဲ့(၁-၁)ဂိုးစီ သရေကျခဲ့ပြီး ပထမပိုင်း ထဲ မှာ မက်ဂွိုင်းယားရဲ့ လူပေးပုံ အမှားကနေ ဘီလ်ဘာအိုကွင်းလယ်လူ ဆန်းဆက်က ထိုးပေးလိုက်တာကို တောင်ပံတိုက်စစ်ကစားသမား နီကိုဝီလီယံစ်က ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ရုပ်သံပြကွက်တွေမှာ မန်ယူ လူငယ် ကစားသမားလေး ဒန်ဂေါ်က မက်ဂွိုင်းယားနားကို သွားပြီးတော့ ပြစ်တင်စကား ပြောနေတာကို မြင်တွေ့ခဲ့ရပါတယ်။
အသက်(၁၈)နှစ်သာရှိသေးတဲ့ ဒန်ဂေါ်ဟာ အခုရာသီကြိုခြေစမ်းပွဲကာလမှ ယူနိုက်တက် စီနီယာ အသင်းအတွက် စတင်ကစားခွင့်ရခဲ့သူဖြစ်ပြီး အသက်(၃၀)ရှိပြီဖြစ်သူ မက်ဂွိုင်းယားဟာ သူ့ထက် (၁၂)နှစ်လောက်ငယ်တဲ့ ဂျူနီယာ ကစားသမား တစ်ဦးရဲ့ ဝေဖန်ပြစ်တင်မှုနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ပွဲမစခင် သွေးပူလေ့ကျင့်ခန်းဆင်းချိန်ကတည်းက ယူနိုက်တက် ပရိသတ်တွေဟာ မက်ဂွိုင်းယားကို လှောင်ပြောင်ခဲ့ ကြသလို အဖွင့်ဂိုးပေးလိုက်ရချိန်မှာလည်း ထပ်ပြီးတော့ အော်ဟစ် လှောင်ပြောင်ခဲ့ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ပရိသတ်တချို့က အသက်အရွယ်နဲ့မလိုက်အောင် ပြောရဲဆိုရဲတဲ့ ဒန်ဂေါ်ကို ချီးကျူးနေပါတယ်။
မက်ဂွိုင်းယားဟာ ဒေ့ါမွန်နဲ့ပွဲတုန်းကလည်း လူပေးမှားခဲ့တာကြောင့် အသင်းဖော်သစ်ဖြစ်သူ ဂိုးသမားအိုနာနာက ဒေါသတကြီးနဲ့ အော်ဟစ်တာကို ခံခဲ့ရပါတယ်။
ဘီလ်ဘာအိုနဲ့ပွဲမှာ မက်ဂွိုင်းယားဟာ သူ့ရဲ့အမှားကို ပြန်ပေးဆပ်တဲ့အနေနဲ့ ပယ်လစ်စထရီ ချေပဂိုး သွင်းယူနိုင်အောင် ခေါင်းတိုက်ချပေးခဲ့ပေမယ့် ယူနိုက်တက် ပရိသတ်တွေကတော့ ဒန်ဂေါ်နဲ့ဖြစ်ရပ်ကိုပဲ အဓိကထားပြောဆိုနေကြပါတယ်။
ယူနိုက်တက်ပရိသတ်တွေက ‘အသက်(၂၉)နှစ်(အမှန်တကယ် အသက်၃၀)အရွယ် စီနီယာအသင်း ကစားသမားတစ်ဦးက အသက် (၁၈)နှစ်အရွယ်သာရှိသေးတဲ့ ဂျူနီယာလေးရဲ့ အော်ငေါက်ခံခဲ့ရတာက ဘယ်လောက်ရှက်စရာကောင်းလဲ . .မက်ဂွိုင်းယားအခြေအနေက တော်တော်လေး ဆိုးရွားနေပါပြီ’၊
‘မက်ဂွိုင်းယားဟာ လှောင်ပြောင် ခံရဖို့ ထိုက်တန်ပါတယ်’၊
‘မက်ဂွိုင်းယားအတွက် ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို ကျွန်တော်တို့အသင်းက ဘာဖြစ်လို့များ ပယ်ချခဲ့တာလဲ။
မက်ဂွိုင်းယားအတွက် ပေါင်သန်း(၂၀)ထက် ပိုရဖို့မဖြစ်နိုင်ပါဘူး’ စသဖြင့် တွစ်တာကနေ အသီးသီး ဝေဖန်ရေးသား နေကြပါတယ်။