လူငယ်တွေကို ပွဲထုတ်ပေးမယ်၊ ခပ်ရဲရဲ ခပ်ပြတ်ပြတ်သာ လုပ်ပြကြလို့ မန်ယူ နည်းပြ တန်ဟက် စိန်ခေါ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ အသင်းမှာရှိတဲ့ လူငယ်ကစားသမားတွေအနေနဲ့ ပထမ အသင်းကြီးမှာ ပွဲထွက်ခွင့် ရချင်တယ်ဆိုရင် အခုထက်ပိုပြီး ရဲရဲရင့်ရင့်နဲ့ ပြတ်ပြတ်သားသား လုပ်ပြရမယ်လို့ လှုံ့ဆော် စကား ပြောလိုက်ပါတယ်။

ရာသီကြို ကာလ ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြခဲ့ကြတဲ့ ဂါနာချို၊ ပယ်လီစထရီ၊ ဟန်နီဘယ်လ်တို့ရဲ့ ခြေစွမ်းတွေဟာ တကယ့်ကို တောက်ပတဲ့ ခြေစွမ်းမျိုးတွေ ဖြစ်ပေမဲ့လည်း အသင်းကြီးမှာ ဝင်ကစားခွင့်ရချင်တယ်ဆိုရင်တော့ အခုထက် ပိုပြီး ရဲရင့်ကြဖို့ အတွက် တန်ဟတ်က သတိပေး လိုက်တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ တနင်္ဂနွေညက ကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ ပွဲအပြီးမှာတော့ နွေရာသီ ခြေစမ်းပွဲ ခရီးစဉ် အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီပွဲမှာဆိုရင် လူငယ် ကစားသမားဖြစ်တဲ့ ပယ်လီစထရီလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒပ်ဗလင်မှာ ကစားခဲ့ တဲ့ အဲဒီပွဲမှာဆိုရင် ပယ်လီစထရီ၊ ဟန်နီဘယ်လ် မက်ဂျ်ဘရီ၊ ဒန်ဂိုရီနဲ့ အယ်လ်ဗာရို ဖာနန်ဒက်စ်တို့ဟာ တကယ်ကို တောက်ပတဲ့ ကစားသမားတွေ ဖြစ်ခဲ့ကြပါတယ်။

အရင်ပွဲတွေမှာ ဘယ်တောင်ပံ တစ်လျှောက် လျှမ်းလျှမ်းတောက်နေတဲ့ ဂါနာချိုကတော့ ဝုဗ်နဲ့ပွဲအတွက်တောင် နာမည်စာရင်း ပေါက်နေတဲ့ ကစားသမားဖြစ်နေပါတယ်။

ဒါပေမဲ့ လူငယ်တွေအနေနဲ့ အ သင်းကြီးမှာ ဝင်ကစားချင်တယ်ဆိုရင် ပြတ်ပြတ်သားသား လုပ်ပြကြဖို့ကို တန်ဟတ်က ဘီလ်ဘာအိုနဲ့ ပွဲအပြီးမှာ သတိပေးခဲ့တာဖြစ်ပါတယ်။

” သူတို့က ဒီလိုမျိုး ကစားဖို့ ထိုက်တန်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် သူတို့ကို ကျွန်တော်တို့ ကစားခွင့် မပေးပါဘူး။ ရာသီကြိုခရီးစဉ်တွေမှာတော့ သူတို့ကို အခွင့်အရေးတွေ ပေးရမယ်။

ဒါပေမဲ့ သူတို့ကလည်း ဒီအခွင့်အရေးကို ယူရပါမယ်။ သူတို့ဟာ ရဲရင့်ကြပါတယ်။ နောက်ပြီး အဲဒါကို ကျွန်တော်က ကြိုက်တာ။ ဘောလုံးကစားတဲ့အခါ ရဲရင့်မှုရှိရမယ်။ ပြတ်ပြတ်သားသား ကစားပြီး ကိုယ်ဟာ ဘာလဲ ဆိုတာကို လုပ်ပြရမယ်။

ပထမအသင်းကြီးမှာ ကစားချင် တယ်ဆိုရင်တော့ ဘောလုံးရတဲ့ အခါမှာရော ဘောလုံး မရတဲ့ အခါမှာပါ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိကို ရှိရမယ်။ အဲဒီကလေးတွေကလည်း အဲဒါမျိုးကို လုပ်ပြနေကြပါတယ်။

သူတို့လေးတွေ တိုးတက်လာတာကို ကျွန်တော် သဘောကျတယ်။ လွန်ခဲ့တဲ့ အပတ်တုန်းက ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ ပွဲလိုမျိုးပေါ့။ ဝရက်စ်ဟမ်းနဲ့ပွဲလည်း ရှိခဲ့တာပါပဲ။

အဲဒါတွေက လူငယ်တွေအတွက် တန်ဖိုး ရှိတဲ့ပွဲတွေ။ အဲဒီကနေ သင်ခန်းစာယူပြီး အများကြီး တိုးတက်အောင် လုပ်ရ မှာပါ။ “လို့ တန်ဟတ်က ပြောသွားခဲ့ပါတယ်။