မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့ ရာသီ အခြေအနေနဲ့ ဘောလုံးရာသီသစ် အလားအလာ အား သုံးသပ် အကဲဖြတ်ခြင်း

ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ပရီးမီးယားလိဂ်ရာသီ မှာ မန်ချက်စတာ ယူနိုက်တက်က နည်းပြ တန်ဟက်ရဲ့ ပထမဆုံး ပွဲဦးထွက်ရာသီ ဖြစ်ပြီး ကာရာ‌ဘောင်ဖလားကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲရစ်တန်ဟက်အနေနဲ့ ယူနိုက်တက်ပရိသတ်တွေ အတွက် တောက်ပတဲ့အနာဂတ်ကို ပြီးခဲ့တဲ့ရာသီမှာ မျိုးစေ့ချပေးနိုင်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

နယ်သာလန်လူမျိုးနည်းပြဟာ ယူနိုက်တက်ရဲ့ဆယ်စုနှစ်တစ်ဝက်ကျော်ကြာ ဆုဖလားမိုးခေါင်မှုကိုအဆုံးသတ်ပေးခဲ့ပြီး ယူနိုက်တက်ရဲ့ နည်းပြတာဝန်နဲ့ ထိုက်တန်ကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပြီးခဲ့တဲ့ ရာသီဟောင်းက အနေအထားနဲ့ မကြာမီရောက်ရှိလာတော့မယ့် ၂၀၂၃-၂၄ ရာသီသစ်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အလားအလာတွေကို လေ့လာကြည့်ကြရအောင်။

၂၀၂၂-၂၃ ရာသီ

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၂-၂၃ ရာသီရဲ့ အစပိုင်းမှာပဲ ထိတ်လန့်စရာခြေစွမ်းမျိုးပြသခဲ့ပြီး ရှုံးပွဲတွေ ဆက်တိုက်ကြုံတွေ့ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါရှုံးပွဲနှစ်ပွဲအပြီးမှာတော့ ယူနိုက်တက်တို့ဟာ ပြန်လာနိုင်ခဲ့ပြီး နောက်ထပ်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ် ၁၂ ပွဲမှာ ၂ ပွဲသာရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်တို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အနားယူပြီးနောက် ဆက်လက်ယှဉ်ပြိုင်ခဲ့တဲ့ မတ်လအထိပွဲစဉ်များမှာ ရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ခဲ့ရပါတယ်။ အဆိုပါနိုင်ပွဲတွေအတွင်းမှာ ခါးသီးတဲ့ပြိုင်ဖက်တွေဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်တွေဟာလည်း အမှတ်ရဖွယ်ပါဝင်နေပါတယ်။

သို့သော် ယူနိုက်တက်ဟာ ဂိုးရရှိနိုင်ဖို့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ထံအလွန်အမင်းမှီခိုခဲ့ရပြီး အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မတ်လကနေ ဧပြီလပထမတစ်ပတ်အထိမှာတော့ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ် သွင်းဂိုး တစ်ဂိုးသာရရှိခဲ့ပါတယ်။

ယူနိုက်တက်ရဲ့နောက်ဆုံးပရီးမီးယားလိဂ် ရှုံးပွဲတွေကတော့ ဘရိုက်တန်နဲ့ ဝက်စ်ဟမ်းတို့ကို နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တွေဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါပွဲစဉ်နှစ်ပွဲရှုံးနိမ့်အပြီးမှာတော့ ယူနိုက်တက်တို့ဟာ ချဲလ်ဆီးကို ၄-၁ နဲ့အနိုင်ယူခဲ့တဲ့ပွဲစဉ်အပါအဝင် ကျန်ရှိနေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကို အနိုင်ရရှိခဲ့ပါတယ်။

ရာသီကုန်မှာတော့ ယူနိုက်တက်တို့ဟာ အမှတ်ပေးဇယားရဲ့တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာရရှိခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ အဲရစ်တန်ဟက်ရဲ့အရည်အချင်းကို စမ်းသပ်ဖို့ အခွင့်အရေး ကောင်းကောင်းရရှိသွားခဲ့ပါတယ်။

ရာသီသစ် အလားအလာနဲ့ အသင်းရဲ့လူစာရင်း

ယူနိုက်တက်ရဲ့နွေရာအပြောင်းအရွှေ့ဈေးကွက်ကတော့ ပြီးခဲ့တဲ့ရာသီက အငှားနဲ့ခေါ်ယူထားခဲ့တဲ့ ကစားသမား‌တွေရဲ့ ထွက်ခွာမှုနဲ့စတင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ အငှားနဲ့ခေါ်ယူထားခဲ့နဲ့ ဂျက်ခ်ဘက်လန်း၊ မာဆယ်ဆာဘစ်ဇာနဲ့ ဝက်ဂ်ဟော့စ်တို့ကို အသင်းမှထွက်ခွာစေခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဖီးလ်ဂျုံးစ်နဲ့ တူရန်ဇီဘီတို့ကလည်း စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာကြောင့် ထွက်ခွာသွားခဲ့ပြန်ပါတယ်။

နောက်ထပ်ထိတ်လန့်စရာကောင်းတဲ့ ထွက်ခွာမှုတစ်ခုကျန်ပါသေးတယ်။ ယူနိုက်တက်ဟာ အသင်းမှာ သစ္စာရှိရှိ ကစားလာတဲ့အပြင် အသင်းရဲ့ဖြစ်တည်လာတဲ့ အနိမ့်အမြင့်အခြေအနေတွေကို အတူတကွခံစားခဲ့ပြီး ကာလာကြာရှည်စွာ လက်တွဲခဲ့တဲ့ ဂိုးသမား ဒီဂီယာကို စာချုပ်သက်တမ်းတိုးခွင့်မပေးခဲ့တာကြောင့် စပိန်သားဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ပြီး ယခု အသင်းလက်မဲ့ဖြစ်နေပါတယ်။

နောက်ပိုင်းမှာတော့ အဲလက်ဇ်တဲလက်စ်၊ ဇီဒန်းနဲ့ အန်တိုနီအီလန်ဂါတို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဒင်းဟန်ဒါဆန်၊ ကိုဗာ၊ မက်ဂွါရီ၊ ဘိုင်လီ၊ ‌တိုမီနေး၊ ဖရက်ဒ်နဲ့ ဗန်ဒီဘိခ်တို့ဟာလည်း ယခုနွေရာသီ အပြောင်းအရွှေ့အတွင်းမှာပဲ အသင်းမှထွက်ခွာဖို့ အလားအလာ ရှိနေတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာလည်း မျှော်လင့်မထားတဲ့ ကစားသမားဟောင်း ဂျွန်နီအီဗန်စ်က ယူနိုက်တက်သို့ တဖန်ပြန်လည် ရောက်ရှိလာပါတယ်။

အရေးကြီးတဲ့ခေါ်ယူမှုတွေအဖြစ် အန်ဒရေအိုနာနာ၊ မေဆင်မောင့်နဲ့ ဟွိုက်လန်းတို့ကို ခေါ်ယူ နိုင်ခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ သိသိသာသာ အင်အား တောင့်တင်းလာဖွယ် ရှိနေပါတယ်။

အထူးသဖြင့် ကင်မရွန်းဂိုးသမားအိုနာနာဟာ ဂိုးတိုင်နဲ့ကပ်နေတတ်တဲ့ဂိုးသမားမျိုးမဟုတ်ဘဲ ဘောလုံးကိုင်ပြီး ကစားနိုင်တာကြောင့် လာမယ့်ရာသီသစ်မှာ ယူနိုက်တက်နောက်တန်းကို ပုံစံအသစ်နဲ့ မြင်တွေ့ရဖွယ်ရှိနေပါတယ်။

ဒီအတောအတွင်းမှာ မေဆင်မောင့်ကလည်း ယူနိုက်တက် ကွင်းလယ်မှာ စွမ်းဆောင်ရည် ကောင်းပြသနေပြီး ဘရူနာဖာနန်ဒက်စ် ထမ်းထားတဲ့ ဂိုးဖန်တီးမှုဝန်ထုတ်ဝန်ပိုးကို လျော့ကျစေဖို့ အလားအလာရှိနေပါတယ်။

နောက်ဆုံးအနေနဲ့ ရောက်ရှိလာခဲ့တဲ့ ဟွိုက်လန်းကတော့ အဲရစ်တန်ဟက်ရဲ့ လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ပြီး တောင်ပံကစားသမား ရက်ရှ်ဖို့ဒ်ကို ပိုမိုလွတ်လပ်စွာကစားနိုင်ဖို့ အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။