ပရီးမီးယားလိဂ် စည်းမျဉ်းသစ်တွေကြောင့် ဒုက္ခလှလှ မတွေ့အောင် အတော် စိတ်ထိန်းရှောင်ရတော့မယ် မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်ဟာ ပွဲကြီးကြပ်သူ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အလိုမကျရင် စိတ်ထဲရှိတဲ့အတိုင်း ပေါက်ကွဲတတ်တဲ့ နည်းပြပါ။

ဒါကြောင့်လည်း ပွဲကစားနေချိန် အတွင်းမှာ စတုတ္ထဒိုင်လူကြီး၊ ဒါမှ မဟုတ်ရင်လည်း သက်ဆိုင်ရာ ဒိုင်လူကြီးကို စောဒက တက်တာမျိုးတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။ သူ့ချည်းပဲလား ဆိုပြန်တော့လည်း မဟုတ်ပါဘူး။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အဖော်နဲ့ အပေါင်းနဲ့ပါပဲ။ လက်ရှိ မန်ယူအသင်း လက်ထောက် နည်းပြ မစ်ချဲလ်ဗန်ဒါဂတ်၊ နည်းပြအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ စတိဗ်မက္ကလာရင်နဲ့ အဲ ရစ်ရမ်ဆေးတို့လည်း ပါနေပါသေးတယ်။

ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အလိုမကျဘူးဆိုရင် အရန်ခုံတန်လျားမှာရှိနေတဲ့ မန်ယူနည်းပြ အဖွဲ့ဝင်တွေဟာ အကုန်လုံး ထလာပြီး ဒိုင်လူကြီးတွေကို စောဒကတက်ကြတာကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မကြာခဏ ဆိုသလိုမျိုး မြင်ရပါတယ်။

အခု လာမယ့် ရာသီမှာတော့ အဲဒီလို လုပ်ရင် ဒုက္ခလှလှတွေ့ရဖွယ် ရှိပါတယ်။ အသစ် ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းအရ အသင်းတစ်သင်းအတွက် ခွင့်ပြုပေးထားတဲ့ နည်းစနစ်ကြီးကြပ်ခွင့် ဧရိယာထဲမှာ တစ်ယောက်ကပဲ မတ်တပ်ရပ်ပြီး ညွှန်ကြားခွင့်ရမှာ ဖြစ်ပါတယ်။

ပွဲ ကစားနေချိန်အတွင်း နည်းစနစ်ကြီးကြပ်ခွင့် ဧရိယာရဲ့ အဝန်းအဝိုင်းထဲမှာ မတ်တပ်ရပ်ခွင့်ရှိသူက တစ်ယောက်ပဲ ဖြစ်ပြီး ကျန်တဲ့ လူပုဂ္ဂိုလ်တွေအားလုံးက အရန်ခုံတန်းလျားမှာ ဖင်မကြွဘဲ ငြိမ်နေရမှာပါ။

တကယ်လို့ ဒိုင်ကို ဝိုင်းအုံပြီး စောဒက တက်တာမျိုးတွေ၊ အခွင့်အရေး တောင်းဆိုတာမျိုးတွေ လုပ်မယ်ဆိုရင်တော့ အရေးယူဖို့ ခံရမှာဖြစ်ပြီး အဝါကတ်လည်း အပြခံရတော့မှာ ဖြစ်ပါတယ်။

ဒီစည်းမျဉ်းကို ဘောလုံးစည်းမျဉ်းရေးဆွဲရေးအဖွဲ့IFAB နဲ့ ပရီးမီးယားလိဂ် ဒိုင်လူကြီးများ အစည်းအရုံး PGMOL တို့ကလည်း သဘောတူခဲ့ပြီဖြစ်ပါတယ်။

ဒီလို လုပ်ရတဲ့ သဘောကတော့ ပိုမိုကောင်းမွန်လှပတဲ့ ဘောလုံးပွဲတွေ ဖန်တီးချင်တဲ့အတွက် စည်းကမ်းပိုင်းကို တင်းကျပ်တာဖြစ်တယ်လို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက ဆိုထားပါတယ်။

နောက်တစ်ခု လည်း ရှိပါသေးတယ်။ ကွင်းအတွင်းမှာကစားသမားအချင်းချင်း ထိတွေ့မှု ဖြစ်လို့ စောဒကတက်ပြီ ဆိုတဲ့ အခါမှာလည်း ကစားသမားတွေ အစုလိုက် အပြုံလိုက် ဝိုင်းဖွဲ့ပြီး စောဒကတက်တဲ့ အသင်းကို အဝါကတ်ပြပြီး အရေးယူမယ်ဆိုတဲ့ အချက်လည်း ပါနေပါသေးတယ်။

ဒါကြောင့် အခုပြောင်းလဲလိုက်တဲ့ စည်းမျဉ်းကတော့ ပရီးမီးယားလိဂ် အသင်းတွေအပေါ်မှာ ကြီးကြီးမားမားကို သက်ရောက်လာမှာဖြစ်ပြီး မန်ယူနည်းပြ အဲရစ်တန်ဟတ်နဲ့ အပေါင်းပါ အဖွဲ့အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။