မက်ဂွိုင်းယား ကို ထွက်သွားပေးဖို့ လူသိရှင်ကြား တောင်းဆိုလိုက်ပြီ ဖြစ်တဲ့ မန်ယူ နည်းပြ တန်ဟတ်
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားအနေနဲ့ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် အတွက် မကြိုးစားချင်ဘူးဆိုရင် အသင်းကနေ ထွက်သွားပေးဖို့ နည်းပြ အဲရစ်တန်ဟတ်က လူသိရှင်ကြား အပြတ် ပြောလိုက်ပြီ ဖြစ်ပါတယ်။
မန်ယူဟာ အင်္ဂလန်လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းယားအတွက် ဝက်စ်ဟမ်းအသင်း ဆီက ပေါင်သန်း ၃၀ တန် ကမ်းလှမ်းမှုကို နှုတ်အားဖြင့် သဘောတူထားတဲ့ အသင်းပါ။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်အထိ သက်တမ်းကျန်နေသေးတဲ့ မက်ဂွိုင်းယားကတော့ အသင်းပြောင်းမယ်လို့ တစ်ခွန်းမှ မပြောသေးပါဘူး။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါ့အပြင် မန်ယူဟာ လက်စတာနောက်ခံလူဟောင်းကို အသင်းမှာ ဆက်နေမယ်ဆိုရင် လက်ရှိ လုပ်ခလစာ ပေါင် ၁၉၀၀၀၀ ကနေ ၁၂၀၀၀၀ အထိ လျှော့ယူပေးဖို့အတွက် အကြေအလည် ဆွေးနွေးနေတာမျိုးတွေကို လုပ်ဆောင်နေတာမျိုး ရှိပါတယ်။
ဒါပေမဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ပူပူနွေးနွေး ဆုံးရှုံးထားရတဲ့ မက်ဂွိုင်းယားဟာ စိတ်ပျက်နေပြီး အခုလက်ရှိ ကိစ္စတွေနဲ့ ပတ်သက်လို့ တိကျတဲ့ ဆုံးဖြတ်ချက်မျိုး လုံး၀ မပေးသေးပါဘူး။ ဒါ့အပြင် အသင်းရဲ့ ရာသီ ကြို ခြေစမ်းပွဲတွေမှာဆိုရင်လည်း စိတ်မပါတဲ့ ပုံစံမျိုးနဲ့ ကစားနေခဲ့တာကို တွေ့ရပါတယ်။
ဒါကြောင့် အင်္ဂလန်သားအနေနဲ့ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မကြိုးစားချင်ဘူးဆိုရင်တော့ အိုးလ်ထရက်ဖို့ဒ်ရဲ့ တံခါးက ဖွင့်ထားတာ ဖြစ် တယ်လို့ နည်းပြ တန်ဟတ်က အပြတ်ပြောလိုက်ပါတယ်။
” ဟယ်ရီ အတွက်ကတော့ အခုလိုမျိုးပဲ ပြောရတော့မှာဖြစ်ပါတယ်။ သူ့ရဲ့ နေရာအတွက် သူ ကိုယ်တိုင် တိုက်ပွဲဝင်ရမယ်။ ထိပ်တန်း နောက်ခံလူ တစ်ယောက်ဖြစ်ဖို့အတွက် သူ့မှာ စွမ်းဆောင်ရည် ရှိပြီးသားပါ။ သူက အင်္ဂလန်အတွက် အကောင်းဆုံး ဖြစ်နေတာလေ။
ဒါကြောင့် ကျွန်တော်တို့အတွက်ရော ဘာကြောင့် ဖြစ်မလာရမှာလဲ။ ဒါပေမဲ့ အဲဒါကို သူ့အနေနဲ့ သက်သေတော့ ပြရမယ်။ တိုက်ပွဲ ဝင်ဖို့အတွက် ယုံကြည်ချက်မျိုး မရှိဘူးဆိုရင်တော့ သူ့အနေနဲ့ ထွက်သွား ပေးရမှာပေါ့။
နောက်ပိုင်းမှာ သူ့အနေနဲ့ ဆုံးဖြတ်ချက် ချမှတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ သူနဲ့ ရှိနေလို့ စိတ်ချမ်းသာပါတယ်” လို့ တန်ဟတ် က ဝုဗ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင်မှာ ပြောသွားခဲ့တာပါ။
လက်စတာ နောက်ခံလူဟောင်းဖြစ်တဲ့ မက်ဂွိုင်းယားကို မန်ယူအနေနဲ့ အတင်းအကျပ် ရောင်းထုတ်မယ်ဆိုရင်တော့ စာချုပ်ပါ အချက်အလက်အရ လျော်ကြေးငွေ ပေါင် ၁၀ သန်းထက် မနည်း ပေးချေရမှာ ဖြစ်တယ်လို့ သိရပါတယ်။