မာရှယ်နဲ့ ဟွိုက်လန်းတို့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်ပြီး သတင်းပေးလာတဲ့ နည်းပြ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ယနေ့ည၊ ဝုဗ်နဲ့ ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင် တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဟွိုက်လန်းနဲ့ မာရှယ်တို့ရဲ့ ဒဏ်ရာအခြေအနေတွေကို အသိပေးပြောဆိုလိုက်ပါတယ်။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဝုဗ်အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားရဖို့ရှိပြီး ရာသီသစ်ကို အနိုင်သုံးမှတ်နဲ့ဖွင့်လှစ်နိုင်ဖို့ လိုလားနေပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒီပွဲစဉ်အတွက် ယူနိုက်တက်ရဲ့ပွဲထွက်လူစာရင်းမှာ ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းတန် တိုက်စစ်မှူးသစ်ဟွိုက်လန်း ပါဝင်လာခြင်းမရှိပါဘူး။ ဒိန်းမတ်တိုက်စစ်မှူးဟာ အသင်းဟောင်းအတ္တလန္တာရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေအတွင်း ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဆေးကုသမမှု ခံယူနေရပြီး မကြာမီ ကြံ့ခိုင်မှုပြည့်ဝတော့မယ်လို့ သိရှိရပါတယ်။

သို့သော် တန်ဟက်က တံကောက်ကြော ဒဏ်ရာကြောင့် ရာသီကြိုခြေစမ်းပွဲစဉ်တိုင်းကို လွဲချော်ခဲ့တဲ့ မာရှယ်ကတော့ ယခုပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။

တန်ဟက်က”ကျွန်တော်တို့အလျင်မလိုပါဘူး။ ဟွိုက်လန်းမပါနိုင်သေးလည်း ကျွန်တော်တို့မှာ တောင့်တင်းတဲ့ လူစာရင်း ရှိပြီးသားပါ။ ဒါပေမယ့် ကြံ့ခိုင်မှုပြည့်ဝပြီး အသင်းနဲ့အသားကျပြီဆိုရင်တော့ သူ့ကို ပွဲစဉ်တွေမှာ ထည့်သွင်းသွားမှာပါ။ ကျွန်တော်တို့က ရေ‌တိုအောင်မြင်မှုထက် ရေရှည်အောင်မြင်မှုကို လိုလားတာကြောင့် အချိန်ယူသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး”ကျွန်တော်တို့ မှန်ကန်တဲ့တိုက်စစ်မှူး ရှာတွေ့ခဲ့ပြီလို့ယုံကြည်ပါတယ်။ ဒါပေမယ့် အသင်းနဲ့ လိုက်လျော ညီထွေ ဖြစ်ဖို့ အချိန်လိုအပ်ပါသေးတယ်။ အခုသူက ဒဏ်ရာရနေတာဆိုတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို နှောင့်နှေးစေပါတယ်။

ဒါပေမယ့် ကိစ္စမရှိပါဘူး။ ပြီးခဲ့တဲ့စနေနေ့က ရက်ရှ်ဖို့ဒ် ဘယ်လောက်ကောင်းလာတယ်ဆိုတာ မြင်တွေ့ခဲ့ရပြီးပါပြီ။ အန်တိုနီမာရှယ်ကိုလည်း အသုံးပြုလို့ရနိုင်ပါတယ်။ ဆန်ချိုကလည်း အဲဒီနေရာမှာကစားနိုင်ပါတယ်။ ရာသီကြိုပွဲစဉ်တွေမှာ သူအကောင်းဆုံးလုပ်ပြထားပါတယ်။

ကျွန်တော်တို့ အခု အခြေအနေနဲ့ အကောင်းဆုံး အနေအထားဖြစ်အောင်ပြင်ဆင်နိုင်ပါတယ်။ နောက်ကွယ်မှာ ဗျူဟာ တစ်ခုရှိနေပြီးသားဆိုတာ ကျွန်တော်ပြောခဲ့ဖူးပါတယ်”လို့ ဆိုပါတယ်။