အိုနာနာရဲ့ ကံကောင်းမှု၊ တပ်ပျက်နေတဲ့ ကွင်းလယ်၊ တိုက်စစ်တွေကြား အိမ်ရှင် မန်ယူတို့ အဖိုးတန် ၃မှတ်ပြည့် ရခဲ့တဲ့ ဝုဗ်နဲ့ ပွဲ အကြောင်း
မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္လာနေ့ညမှာမှ ပရီးမီးယားလိဂ် အဖွင့်ပွဲ အဖြစ် ဝုဗ် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရာ ၁-ဝ နဲ့ နိုင်ပွဲရခဲ့ပါတယ်။
မန်ယူက ဒီပွဲမှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ မေဆန်မောင့်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဧည့်သည် ဝုဗ် အသင်း ကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ဒေါ်ဆန်၊ ကေးလ်မန်း၊ ဆီမီဒိုနဲ့ အိုက်နူရီတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ လီမီနာ၊ မက်သီယူးစ် နူးနက်စ်နဲ့ ဂျာအို ဂိုမက်စ်တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ နီတို၊ ဆာရားဘီးယားနဲ့ ကွန်ညာတို့ကို ကစားစေခဲ့တာပါ။
နှစ်သင်းစလုံးအနေနဲ့ ဒီနေ့မှာ ကစားကွက်နဲ့ အချိန်ယူကစားဖို့ထက် ဘောလုံးရတာနဲ့ ကွင်းလယ်မှာ တစ်ချက်နှစ်ချက် အမြန်တည်ပြီး တိုက်စစ်ကို သွားခဲ့ကြသလို ဘရူနို ဖာနန်ဒက်စ်တို့အဖွဲ့ ရုန်းကန်ခဲ့ရပြီး အဖျက်ကစားတဲ့ ကာစီမီရိုကပါ အရင်ပွဲတွေလောက် မကောင်းတာကြောင့် အလယ်အူကြောင်းက ကွန်ညာရဲ့ မကြာခဏ ထိုးဖောက်မှုတွေကို မြင်ခဲ့ရပါတယ်။
မန်ယူတို့ဘက်က ဖန်တီးမှုတွေ အားနည်းနေခဲ့ချိန်မှာ ဝုဗ် တို့ကတော့ ကောင်တာတွေကနေ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ရှေ့တန်းသုံးဦးမှာ ကွန်ညာ ကလွဲလို့ ကျန်တဲ့ သူတွေ ချာနေခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင် မန်ယူတို့ သက်သာခွင့်ရခဲ့ပြီး ဂိုးမရှိ သရေဖြစ်နေခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း ဝုဗ်တို့ရဲ့ ခြိမ်းခြောက်မှုတွေကပဲ ပို ရင်ခုန်စရာကောင်းခဲ့ပြီး ဆာရားဘီးယားအစား ဟွမ်းဟီးချန်းကို နည်းပြ အိုနီးလ်က စထည့်ခဲ့သလို ပိုပြီး သွက်သွက်လက်လက် ကစားနိုင်ခဲ့ကြပေမယ့် သွင်းဂိုးမရခဲ့ပါဘူး။
ပွဲချိန် ၇၆ မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘရူနို ဖာနန်ဒက်စ်က ညာတောင်ပံကို တင်ပေးခဲ့တဲ့ ဘောလုံးကို ဝန်ဘစ်ဆာကာက ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ဝုဗ် နောက်တန်းတွေပေါ်ကနေ မ,တင်ပေးခဲ့ရာမှာ အဝေးတိုင်ဘက်ကို ပြေးဝင်ခဲ့တဲ့ နောက်ခံလူ ဗာရွန်းက ခေါင်းတိုက် သွင်းနိုင်ခဲ့ပြီး ရှေ့က ရတဲ့ ထောင့်ကန်ဘောကနေ ပြန်မဆင်းရသေးတာက ကွက်တိဖြစ်သွားခဲ့တာပါ။
ဒီနောက်မှာတော့ ချေပဂိုးရဖို့ အားထည့်လာတဲ့ ဝုဗ် အသင်းရဲ့ ထိုးဖောက်ကန်သွင်းမှုတွေကို အိုနာနာနဲ့ ခံစစ်က ကာကွယ်နိုင်ခဲ့သလို အိမ်ရှင်တွေကတော့ ခံစစ်ကိုပဲ အားပြုခဲ့တာဖြစ်ပါတယ်။
နာကျင်အချိန်ပိုမှာတော့ ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ ကာလိုင်ဂျစ်ချ်ကို တိုင်မင်မကိုက်ဘဲ လက်နဲ့ဆွဲရိုက်သလို ဖြစ်သွားတဲ့ အိုနာနာကြောင့် ဝုဗ်အသင်းက ပင်နယ်တီတောင်းခဲ့ပေမယ့် ဒိုင်လူကြီး ဟူးပါးနဲ့ VAR တို့က ပယ်ချသွားခဲ့ပါတယ်။
ပွဲချိန်အပြည့်မှာတော့ ဗာရွန်းရဲ့ အဖိုးတန်သွင်းဂိုး၊ အိုနာနာရဲ့ ကံကောင်းမှုတွေကြောင့် မန်ချက်စတာ ယူနိုက်တက်တို့က အဖိုးတန် နိုင်ပွဲ ရခဲ့ပါတယ်။