မန်ယူ အသင်း အရောင်းအဝယ် တည့်ပြီ၊ အောက်တိုဘာလထဲ ပိုင်ရှင်သစ်တွေ ရောက်ပါမည်
မန်ချက်စတာ ယူနိုက်တက်သင်းရဲ့ အရောင်းအဝယ်ကိစ္စဟာ လာမယ့် အောက်တိုဘာလ အလယ်လောက်မှာ အဆုံးသတ်မှာ ဖြစ်ပြီး ကာတာဘဏ်သူဌေးကြီး ရှိတ်ဂျာဆင်နဲ့ အရောင်းအဝယ် တည့်သွားပြီဖြစ်တယ်လို့ အင်္ဂလန် သတင်းတွေ အဆို အရ သိရပါတယ်။
ကာတာ တော်ဝင်သွေးဖြစ်တဲ့ ရှိတ်ဂျာဆင်ဟာ အိုးလ်ထရက်ဖို့ဒ်ကို ဝယ်ယူပိုင်ဆိုင်နိုင် ဖို့အတွက် ဗြိတိန်စီးပွားရေး လုပ်ငန်းရှင် ရက်ကလစ်ဖ်နဲ့ အပြိုင်ကြိုးစားခဲ့ရ တာဖြစ်ပြီး နောက်ဆုံးမှာတော့ ပေါင် ၆ ဘီလီယံနဲ့ ဈေးတည့်သွားတာဖြစ် တယ်လို့ သိရပါတယ်။

မန်ယူရဲ့ အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လာမယ့် စက်တင်ဘာလမှာ တရားဝင် ထုတ်ပြန်ကြေညာဖို့ ရှိနေပြီး အလွှဲအပြောင်းကိစ္စတွေအကုန်လုံးကတော့ အောက်တိုဘာလရောက်ရင် ပြီးဆုံး မှာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ ကာတာဘဏ်သူဌေးရဲ့ အခွင့်ရ ကိုယ်စားလှယ် အဖွဲ့တွေဟာ မန်ယူကို အလုံးစုံ လွှဲပြောင်း ရယူရေး ကိစ္စတွေကို စီစဉ်ဆောင်ရွက် နေပြီဖြစ်ပါတယ်။
ဂလေဇာ မိသားစုဟာ သရဲနီ ပရိသတ်တွေရဲ့ စိတ်ကြိုက်ဖြစ်တဲ့ အရောင်းအဝယ်တစ်ခုကို ဈေးတည့်အောင် လုပ်ပေးခဲ့တာဖြစ်ပြီး ကာတာဘဏ်သူဌေးကြီးဟာ မန်ယူအသင်း တစ်ခုလုံးကို ရာနှုန်းပြည့်ပိုင်ဆိုင်မှာဖြစ်သလို ဂလေဇာမိသားစုကလည်း အိုးလ်ထရက်ဖို့ဒ် VIP ခန်းထဲကနေ တစ်ယောက်မကျန် အကုန်ထွက်ပေး ရတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာ မန်ယူကို ပေါင်သန်း ၈၀၀ နဲ့ ဝယ်ယူပိုင်ဆိုင်ခဲ့ပြီးတဲ့နောက် ၁၈ နှစ်ကြာ လက်ဝါးကြီး အုပ်လာခဲ့တဲ့ မန်ယူ ကို ဂလေဇာ မိသားစုဟာ အပြီးတိုင် စွန့်ခွာရတော့မှာပါ။
ဂလေဇာမိသားစုဟာ မန်ယူကို ဝယ်ယူပြီးကတည်းက အသင်းရဲ့ လည်ပတ်ငွေကို ဘဏ်အာမခံ ကတစ်ဆင့် ချေးယူပြီး ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် လက်ရှိမှာဆိုရင်တော့ ယူနိုက်တက်ရဲ့ ကြွေးမြီပမာဏဟာ ပေါင် ၁ ဘီလီယံအထိကို ရောက်နေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ရှိတ်ဂျာဆင်ကတော့ အသင်းကို ပိုင်ဆိုင်ပြီဆိုတာနဲ့ ကြွေးမြီအားလုံးကို အမြစ်ပြတ် ရှင်းမှာဖြစ်ပြီး ကစားသမား အပြောင်းအရွှေ့ ဘတ်ဂျက်ကိုလည်း စိတ်ကူးနဲ့တောင် မှန်းဆလို့မရတဲ့ ပမာဏမျိုး ထည့်ပေး ထားမှာဖြစ်တယ်လု့ိ ပြောထားသူဖြစ်ပါတယ်။
နောက်ပြီး ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေနဲ့ ယှဉ်လိုက်ရင် အဆင့်မမီတော့တဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းနဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းတွေကိုလည်း အဆင့်မီအောင် လုပ်ပေးမှာ ဖြစ်တယ်လို့ ရှိတ်ဂျာဆင်က ကတိပေးထားပါတယ်။