တစ်လလောက် နားရမယ့် ဒဏ်ရာ ရသွားတဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်သစ် မေဆန်မောင့်
မန်ချက်စတာယူနိုက်တက်ရဲ့ ပေါင် ၅၅ သန်း တန် ကွင်းလယ်ကစားသမား မေဆင်မောင့်ဟာ ဒဏ်ရာပြဿနာကြောင့် သီတင်းပတ် အနည်းငယ်ကြာ အနားယူရတော့မှာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ အသေးစားဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် စက်တင်ဘာလအထိအနားယူရတော့မှာဖြစ်ပြီး ကစားသမားဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် နှစ်ပွဲဖြစ်တဲ့ ဝုဗ်နဲ့ တော့တင်ဟမ်တို့ပွဲစဉ်တွေမှာ ပွဲထွက်ပါဝင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်က အတည်ပြုလာတဲ့ပြောကြားချက်အရ မောင့်ဟာ ပြီးခဲ့တဲ့အပတ်က တော့တင်ဟမ်နဲ့ပွဲစဉ်မှာ အသေးစား ဒဏ်ရာပြဿနာနဲ့ကြုံတွေ့ခဲ့ရတာကြောင့် လာမယ့် စနေနေ့မှာကစားမယ့် နောတင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်ကို လွဲချော်သွားမှာ ဖြစ်ပြီး နောက်လမှာ ကျင်းပမယ့် နိုင်ငံတကာပွဲစဉ်များအထိပါ ကစားသမားကို အနားပေးထားဦးမယ်လို့ဆိုပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ အပတ်က ဝုဗ်ကို ၁-၀ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်နဲ့ တော့တင်ဟမ် အသင်း တို့ရဲ့ ပွဲစဉ်တွေမှာ ယူနိုက်တက်အတွက် ပွဲထွက် ပါဝင်ကစားခဲ့ပြီး ယူနိုက်တက်ကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ်ရာသီကို စတင်လျှောက်လမ်းနေတာဖြစ်ပါတယ်။
မောင့်ရဲ့ဒဏ်ရာပြဿနာဟာ အဲရစ်တန်ဟက်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာပြီး ကွင်းလယ်ကစားသမား ရှားပါးနေတဲ့ ယူနိုက်တက်အတွက် ရုန်းကန်ရနိုင်တဲ့အခြေအနေနဲ့ ကြုံတွေ့နေပါတယ်။
ယခုနွေရာသီမှာ ကွင်းလယ်ကစားသမား ဖရက်ဒ်က ဖီနာဘာချီသို့ပြောင်းရွှေ့သွားပြီး ဆယ်ကျော်သက်ကြယ်ပွင့် မိုင်နူး ကလည်း အမေရိကသို့ထွက်ခွာခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် အနားယူနေရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ပွဲစဉ်မှာ တော့တင်ဟမ်ကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တာကြောင့် ယူနိုက်တက် အနေနဲ့ နောက်ပွဲစဉ်တွေမှာ နိုင်ပွဲပြန်လည် ရရှိဖို့ အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပြီး လာမယ့် စနေနေ့မှာ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ လက်ခံ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။