မန်ချက်စတာကို ကျောခိုင်းပြီး အင်္ဂလန်ကနေပါ ထွက်ကာ နိုင်ငံအသင်း ပြောင်းလဲသွားဖွယ် ရှိတဲ့ ဂရင်းဝုဒ်

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လမ်းခွဲလိုက်ရတဲ့ လူငယ် ကစားသမား မေဆန် ဂရင်းဝုဒ်ဟာ ကလပ် အသင်းတင် မကဘဲ နိုင်ငံ လက်ရွေးစင်အသင်းပါ ပြောင်းလဲကစားသွားဖို့ ရှိနေပါတယ်။

အသက်(၂၁)နှစ်သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ အင်္ဂလန် လက်ရွေးစင်အသင်းကြီးအတွက် အဓိကပွဲစဉ်(၁)ပွဲမှာ ပါဝင် ကစား ခဲ့ဖူးပေမယ့် ဖီဖာရဲ့ စည်းကမ်း သတ်မှတ်ချက်တွေ အရ နိုင်ငံအသင်းပြောင်းလဲနိုင်ခွင့် ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်နဲ့ လမ်းခွဲမှာဖြစ်တယ်လို့ အတည်ပြုသတင်းထုတ်ပြန်ခဲ့ပြီး ဂရင်းဝုဒ်က တခြားကလပ်အသင်းတစ်သင်းမှာ ဘောလုံးသမား ဘဝသစ် စတင်ရတော့မှာပါ။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလတုန်းက ဝက်စ်ဟမ်းနဲ့ပွဲမှာ ယူနိုက်တက်အတွက် နောက်ဆုံးပါဝင်ကစားခဲ့ပြီး အဲဒီနောက် သူ့ရဲ့ချစ်သူကောင်မလေးကို ကိုယ်ထိလက်ရောက် စော်ကားမှု၊ အဓမ္မပြုကျင့်ဖို့ ကြိုးစားမှုတွေကြောင့် စွဲချက်တင်ခံခဲ့ရသလို အဲဒီကတည်းက ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တရားရုံးက ဂရင်းဝုဒ်အပေါ် စွဲချက်တွေကို ပယ်ဖျက်ပေးခဲ့ပေမယ့် ယူနိုက်တက် အသင်းကတော့ သူတို့ဘာသာ သီးသန့်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး အခြေအနေ အကြောင်းတရားတွေကြောင့် ဂရင်းဝုဒ်နဲ့လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဂရင်းဝုဒ်ဟာ ကလပ်အသင်းပြောင်းရုံတင်မဟုတ်ဘဲ နိုင်ငံလက်ရွေးစင်အသင်းပါ ပြောင်းလဲဖို့ရှိနေပါပြီ။ လာမယ့်လအတွင်း ဂရင်းဝုဒ်အနေနဲ့ နိုင်ငံလက်ရွေးစင်အသင်း ပြောင်းလဲနိုင်ခွင့်ရှိပြီး ဂျမေကာ အသင်းက သူ့ကို လက်ရွေးစင်အသင်းမှာ ရွေးချယ်ဖို့ ဆန္ဒရှိနေတယ်လို့ ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ၂၀၂၀ ခုနှစ်အတွင်း UEFA Nations League ပွဲမှာ အင်္ဂလန်အသင်း အတွက် ပါဝင်ကစားခဲ့ဖူးပေမယ့် ဖီဖာရဲ့ စည်းကမ်းချက်တွေအရ လက်ရွေးစင်အသင်းပြောင်းလဲခွင့်ရှိနေတာဖြစ်ပါတယ်။

ဖီဖာရဲ့သတ်မှတ်ချက်ထဲမှာ ကစားသမားတစ်ဦးဟာ လက်ရွေးစင် အသင်းအတွက် ပွဲဦးထွက်တစ်ပွဲသာ ကစားခဲ့သူ၊ အသက်(၂၁)နှစ် မပြည့်ခင် စီနီယာအသင်းအတွက် (၃)ပွဲနဲ့အထက် မကစားတဲ့သူ၊ ကမ္ဘာ့ဖလား၊ ယူရို၊ ကိုပါအမေရိက အပါအဝင် ထိပ်တန်းအဆင့် နိုင်ငံတကာပြိုင်ပွဲတွေမှာ ကစားခွင့်မရတဲ့သူ၊ လက်ရွေးစင် အသင်းတစ်သင်းအတွက် နောက်ဆုံးပါဝင်ကစားခဲ့ပြီးနောက်ပိုင်း (၃)နှစ်အကြာမှာ လက်ရွေးစင်အသင်းပြောင်းလဲမယ်ဆိုရင် ပြောင်းလဲခွင့်ရှိတယ်လို့ ပါရှိပါတယ်။

ဂရင်းဝုဒ်ဟာ ၂၀၂၀၊ စက်တင်ဘာလအတွင်း အိုက်စလန်နဲ့ UEFA Nations League ပွဲမှာ အင်္ဂလန်အသင်း အတွက် ပွဲဦးထွက်ကစားခွင့်ရခဲ့ပြီးနောက်ပိုင်း လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံရတော့ဘဲ လာမယ့် စက်တင်ဘာကျရင် (၃)နှစ်ပြည့်ပြီဖြစ်တာကြောင့် ဖီဖာရဲ့သတ်မှတ်ချက်နဲ့ ကိုက်ညီနေတဲ့အတွက် လက်ရွေးစင်အသင်းပြောင်းလဲခွင့်ရှိနေပါတယ်။