သောကြာနေ့ ဈေးကွက် မပိတ်ခင်အမှီ မန်ယူ ခေါ်ဖို့ ချိတ်ဆက်နေတဲ့ ဘယ်ခြမ်း နောက်ခံလူ ပစ်မှတ်များ
အဲရစ်တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် သောကြာနေ့ အပြောင်းအရွှေ့ နောက်ဆုံးရက် မတိုင်ခင် ဘယ်အစွန်လူသစ် တစ်ဦး ခေါ်ယူနိုင်ရေး အားထုတ်နေပါတယ်။
မာလာစီယာ နာနေတဲ့ အပြင် လုခ်ရှောရဲ့ ကြွက်သား ဒဏ်ရာဟာ မျှော်လင့်ထားတာထက် ပိုကြာကြာ အနားယူရဖို့ ဖြစ်လာတဲ့နောက် ယူနိုက်တက်ဟာ ဈေးကွက်အတွင်း ဘယ်အစွန်လူ ရှာဖွေမှု ပြုလုပ်လာခဲ့တာပါ။

မန်ယူအသင်းဘက်က ချယ်ဆီးမှ ကူကူရယ်လာနဲ့ တော်တင်ဟမ်စပါး မှ ရီဂွယ်လွန်တို့ အတွက် ဆက်သွယ်မှု လုပ်ထားပြီးပါပြီ။
နည်းပြတန်ဟက်ရဲ့ လူစာရင်းမှာ အရေးကြီး လိုအပ်လာနေတဲ့ ဘယ်ခြမ်းအတွက် ဘာစီလိုနာမှ အလွန်ဆိုကိုလည်း စိတ်ဝင်စားထားသလို အခု နောက်ဆုံး အနေနဲ့ ဘရန့်ဖိုဒ့် ဘယ်အစွန်လူ ရီကို ဟင်နရီနဲ့ ပတ်သက်လို့လည်း ချိတ်ဆက်ခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ရီကို ဟင်နရီကို ခေါ်ယူလို့ ရနိုင်မလား အခြေအနေအတွက် ယူနိုက်တက်က စစ်ဆေးခဲ့ခြင်း ဖြစ်ကာ အင်္ဂလန်သားဟာ ဘရန့်ဖိုဒ့်အသင်းမှာ တည်ငြိမ်တဲ့ ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြသနေသူ ဖြစ်ပါတယ်။
ဟင်နရီဟာ မနှစ်ကရာသီမှာ ဘရန့်ဖိုဒ့်ရဲ့ ပွဲစဉ်တွေထဲက တစ်ပွဲကိုပဲ လွဲချော်ခဲ့တာမို့ ကြံ့ခိုင်မှုပိုင်း ကောင်းမွန်သူ ဖြစ်ပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ယူ-၁၉ နဲ့ ယူ-၂၀ အဆင့်တွေမှာ ကိုယ်စားပြုဖူးတဲ့ သူ့ကို လက်ရွေးစင်အသင်းအတွက် ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
ဘရန့်ဖိုဒ့်ဘက်ကတော့ ဈေးကွက် နောက်ဆုံး အချိန်မှာ သူတို့အသင်းရဲ့ အရေးပါတဲ့ ကစားသမားကို ရောင်းထုတ်ပေးလိုမှာ မဟုတ်ပေမယ့် အင်္ဂလန်အသင်းမှာ ပါဝင်ရရေး ကစားသမားဘက်က ယူနိုက်တက်ကို ရွေးချယ် လိုရင်တော့ တားဆီးဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။