အိုနာနာနဲ့ ဂိုးပေးရ လွယ်လွန်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကို မယုံနိုင် ဖြစ်နေတဲ့ ရှမိုက်ကယ်ကြီး
ပြီးခဲ့တဲ့ စနေနေ့က အိုးလ်ထရက်ဖို့ဒ်မှာ နော်တင်ဟမ်ဖောရတ်အတွက် လွယ်ကူလှတဲ့ အဖွင့်ဂိုးကို ပေးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အိုနာနာကို ကလပ်ဂန္တဝင် ပီတာ ရှမိုက်ကယ်က ဝေဖန်ခဲ့ပါတယ်။
ပွဲအစ ၂မိနစ်မှာတင် အာဝိုနီယီက အိုနာနာရဲ့ ဂိုးပေါက်ကို ဖွင့်လှစ်ပြခဲ့တာနဲ့အတူ ဖောရတ်ဟာ အစောပိုင်း ဂိုး ၂ဂိုးနဲ့ ဦးဆောင်သွားခဲ့တာပါ။

လျင်မြန်တဲ့ တန်ပြန်တိုက်စစ်တစ်ခုကနေ အာဝိုနီယီဟာ ရက်ရှ်ဖို့ဒ်ကို ကျော်ဖြတ်ပြီးတော့ အိုနာနာကို အယောင်ပြ နောက်ကောက်ချခဲ့ပြီး ဂိုးရယူခဲ့တာဖြစ်ပါတယ်။ ၂မိနစ်အကြာမှာ ဝီလီဘိုလီက ခေါင်းတိုက်ဂိုးနဲ့အတူ ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။
အိုနာနာဟာ ဖောရတ်ရဲ့အဖွင့်ဂိုးအတွက် အရမ်း လွယ်လွယ်လေးဖြစ်အောင် ကူညီပေးခဲ့တဲ့အပေါ် ဂိုးသမားဟောင်း ရှမိုက်ကယ်ရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
“ပထမဂိုးမှာ ဖြစ်သွားတာကို ကျွန်တော် မယုံနိုင်ခဲ့ဘူး။ အမှားတွေအများကြီး ပေါက်ကရတွေအများကြီး ဖြစ်ခဲ့တာပဲ။ သူတို့နောက်မှာ နေရာလွတ်က အကြီးကြီးပဲ။ ရက်ရှ်ဖို့ဒ်က နောက်ဆုံးကျန်တဲ့လူ၊ သူဖျက်ထုတ်တာ မအောင်မြင်ဘူး၊
အိုနာနာက အာဝိုနီယီ အတွက် လွယ်သွားအောင် ဝိုင်းကူပေးလိုက်သေးတယ်။ အဲ့မှာ ၁-၀ ဖြစ်သွားပြီ။ ပြန်စပြီး ၂စက္ကန့်လောက်ကြာတော့ ဘိုလီက ဘာမှတောင် မလှုပ်လိုက်ရပဲ ခေါင်းလေးပဲတိုက်ပြီး ထပ်သွင်းသွားတာ”လို့ ရှမိုက်ကယ်က ထောက်ပြပြောဆိုခဲ့ပါတယ်။
အစောပိုင်းမှာ အခြေအနေမလှခဲ့ပေမယ့် သရဲနီတွေဟာ နောက်ပိုင်းမှာ ပြန်လာခဲ့ပြီး အဲရစ်ဆင်၊ ကာဆီမီရို၊ ဘရူနိုဖာနန်ဒက်တို့ရဲ့ ဂိုးတွေနဲ့အတူ ၃-၂ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပထမဆုံး လိဂ်၃ပွဲမှာ ၆မှတ် ရခဲ့တဲ့နောက် ယူနိုက်တက်ဟာ လာမယ့် စက်တင်ဘာ ၃ ရက်နေ့မှာ အာဆင်နယ်နဲ့ ပွဲကြီးပွဲကောင်းကို ကစားရတော့မှာ ဖြစ်ပါတယ်။