တစ်ချက်ခုတ် သုံးလေးချက် ပြတ်သွားမယ့် အကွက်နဲ့ ရက်ဂီလွန်ကို အငှား ခေါ်ပစ်လိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်

နွေရာသီ အပြောင်းအရွှေ့ဈေးကွက် ပိတ်ရက် Deadline မတိုင်ခင်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စပါး နောက်ခံကစားသမား ဆာဂျီယို ရက်ဂီလွန်ကို ခေါ်ယူဖို့ သဘောတူခဲ့ပြီဖြစ်တဲ့ အပြင် ဆေးစစ်မှုလည်း အောင်မြင်ခဲ့ပြီဖြစ်ပါတယ်။

မန်ယူ အသင်းရဲ့ ဘယ်နောက်ခံ အဓိက ကစားသမားဖြစ်တဲ့ လုခ်ရှော ဒဏ်ရာ ရသွားတာကြောင့် အစားထိုးနိုင်ဖို့ အတွက် မန်ယူဟာ ရက်ဂီလွန် ကို အငှားစာချုပ်တစ်ရပ်နဲ့ ခေါ်ယူခဲ့တာဖြစ်တယ်လို့ The Athletic သတင်း ဌာန က ဖော်ပြပါတယ်။

လုခ်ရှော ဒဏ်ရာရသွား ပြီးတဲ့နောက် ဘယ်နောက်ခံ ကစားသမားတချို့ကို မန်ယူက ဆက်သွယ်တာမျိုးတွေ လုပ်ခဲ့ပြီး ချဲလ်ဆီးရဲ့ ကူကူရယ်လာ၊ စပါးရဲ့ ရက်ဂီလွန် နဲ့ ဘရန်ဖို့ဒ်ရဲ့ ရီကို ဟင်နရီတို့ကို ချိတ်ဆက်တာမျိုးတွေ ရှိခဲ့ပါတယ်။

ဒီနေရာမှာ ကူကူ ရယ်လာနဲ့ ရက်ဂီလွန် တို့က အဓိက ပစ်မှတ်ဖြစ်ခဲ့ပြီး စပါးနောက်ခံလူနဲ့ သဘော တူညီမှု ရခဲ့ပြီဆိုတဲ့သတင်းကို အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နို က အရင်ဆုံး ထုတ်ပြောခဲ့တာပါ။

လက်ရှိမှာတော့ ရက်ဂီလွန် ဟာ မန်ယူနဲ့အတူ ဆေးစစ်မှုပါ အောင်မြင်ခဲ့ပြီဖြစ်တယ်လို့ The Athletic က ရေးသားဖော်ပြခဲ့တာပါ။

ဒါပေမဲ့ ရက်ဂီလွန် ရဲ့ စာချုပ်ဟာ အငှားစာချုပ်မျိုးသာဖြစ်နိုင်ပြီး ဇန်နဝါရီအထိပဲ အကျုံးဝင် မှာဖြစ်တယ်လို့လည်း ကနဦး သတင်းတချို့အရ သိရပါတယ်။

ရက်ဂီလွန် ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ စပါးအသင်းကို ရီးရဲလ်မက်ဒရစ်ကနေ ပြောင်းလာခဲ့တဲ့ ကစားသမားဖြစ်ပြီး အသင်းနဲ့ အံမဝင်တဲ့ ကစားသမားဖြစ်နေ တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ အက်သလက်တီကိုအသင်းဆီကို အငှားနဲ့ သွားကစားခဲ့သူပါ။

စပိန်သားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအပြီးမှာတော့ လန်ဒန်ကလပ်ဆီကို ပြန်ရောက်လာခဲ့ပြီး အခုလက်ရှိမှာတော့ မန်ယူအသင်းဆီကို အငှားစာချုပ်နဲ့ ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကူကူရယ်လာထက် ဈေးသက်သာတဲ့ ရက်ဂီလွန်ကို ကာလတို အငှား ခေါ်ယူတဲ့အတွက် ဘယ်နောက်ခံ နေရာ ရေတို ပြသနာ အဆင်ပြေသွားတဲ့ အပြင် ဖီအိုရင်တီးနား ကြယ်ပွင့် အမ်မရာဘတ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် ပိုမို အဆင်ပြေသွားမှာဖြစ်ကာ တစ်ချက်ခုတ် သုံး-လေးချက်လောက်ပါ ပြတ်သွားပါတယ်။