မန်ယူ ကစားသမား ဖြစ်လာရဖို့ ကလပ်အသင်း ၅ သင်းထိ ငြင်းဆန်ပယ်ချခဲ့တဲ့ မော်ရိုကို ကွင်းလယ်လူ အမ်မရာဘက်

နွေဈေးကွက် ပိတ်တဲ့ Deadline day မှာပဲ မော်ရိုကို ဗဟိုကွင်းလယ်လူ အမ်မရာဘက်က အီတလီ စီးရီးအေ ကလပ် ဖီအိုရင်တီးနား ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ပြောင်းရွှေ့လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အမ်မရာဘတ်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းခွင့် ရဖို့ ကလပ်အသင်း ၅သင်းရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ကြောင်း သိရပါတယ်။

အသက် ၂၆နှစ် အရွယ် မော်ရိုကို လက်ရွေးစင် ကွင်းလယ်လူ အမ်မရာဘက်က မန်ယူအသင်းထံ ကနဦး ၁ရာသီ အငှားနဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့အတွက် ဖီအိုရင်တီးနားထံ တရာသီအငှားကြေး ယူရို ၁၀သန်း ပေးချေခဲ့ရသလို အငှားစာချုပ် ကုန်ဆုံးချိန်မှာ အပြီးသတ် ဝယ်ယူချင်ရင် နောက်ထပ် ယူရို ၂၀သန်း ပေးချေရမှာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အမ်မရာဘက်ကို နွေဈေးကွက်ရဲ့ နောက်ဆုံးအချိန်မှ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပေမယ့် မန်ချက်စတာ ကလပ်နဲ့ အမ်မရာဘက်တို့ ကြားထဲမှာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့တာ ရက်ပေါင်း ၇၀ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။

အမ်မရာဘက်က မန်ချက်စတာ ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိပြီးနောက် ဥရောပ နာမည်ကြီး ကလပ်တွေနဲ့ ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် သူ့ဆီ ရောက်လာတဲ့ ကမ်းလှမ်းမှုတိုင်းကို ငြင်းဆန် ပယ်ချကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းခွင့် ရဖို့သာ စောင့်ဆိုင်းနေခဲ့ပါတယ်။

အီတလီနဲ့ အင်္ဂလန် မှ နာမည်ကြီး သတင်းဌာနတွေ ဖော်ပြချက်တွေ အရ အမ်မရာဘက်က မန်ချက်စတာ ယူနိုက်တက် ဆီ မပြောင်းရွှေ့ခင်မှာ လီဗာပူး၊ အယ် အာလီ၊ ဂါလာတာစာရေး၊ နော်တင်ဟမ် ဖောရက်စ်၊ ဖူလ်ဟမ် စတဲ့ ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် ကမ်းလှမ်းမှုတွေ အားလုံးကို ငြင်းဆန် ပယ်ချကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာတော့ အမ်မရာဘက်က သူ့ရဲ့ မိသားစုဝင်တွေကို အီတလီနိုင်ငံ ကနေ မန်ချက်စတာမြို့ဆီ ပြောင်းရွှေ့ နိုင်အောင် လိုအပ်တဲ့ စီစဉ်မှုတွေ ပြုလုပ်နေပါတယ်။

မန်ယူကွင်းလယ်သစ် ဖြစ်လာတဲ့ အမ်မရာဘက်ဟာ လာမယ့်အပတ်မှ စတင်ကာ မန်ချက်စတာ ယူနိုက်တက် အတွက် ပါဝင် ကစားပေးနိုင်တော့မှာ ဖြစ်ပါတယ်။