ဆန်ချို မန်ချက်စတာ ယူနိုက်တက် ကနေ ဘယ်လိုပုံစံနဲ့ ထွက်ချင်သလဲ ရွေးခိုင်းလိုက်ပါပြီ
အာဆင်နယ်ကို ရှုံးတဲ့ ပွဲအပြီးမှာ ထိုပွဲ ဝင် မကစားခဲ့ရတဲ့ ဆန်ချိုရဲ့ အဲရစ်တန်ဟက်ကို တုံ့ပြန်မှု ပြုလုပ်ပြီးနောက် မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် ရီယိုဖာဒီနန် ဆန်ချို အသင်းကနေ ဘယ်လို ပုံစံမျိုးနဲ့ ထွက်မလဲ ရွေးချယ်ဖို့ လမ်းတွေ ချပေးလိုက်ပါတယ်။
အသက် ၂၃ နှစ်ရှိ အင်္ဂလန် တိုက်စစ်သမား ဟာ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ စွမ်းဆောင်ရည် အဆင့် နိမ့်နေခြင်းကြောင့် အာဆင်နယ်နှင့်ပွဲလူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း အဲရစ်တန်ဟက်ရဲ့ ပြောကြားခြင်း ခံခဲ့ရပါတယ်။

ဒါကို ဆန်ချိုက အဲရစ်တန်ဟက်ရဲ့ပြောကြားမှုမှာ မမှန်ကန်ကြောင်းနှင့် ၎င်းမှာ ခုတုံးလုပ်ခြင်းခံလာရသည်မှာ အတန်ကြာပြီ ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောကြားလာပါတယ်။
ယင်းသို့ စကားလုံးစစ်ပွဲကြောင့် ဆန်ချိုဟာ ယူနိုက်တက်မှ ချက်ချင်းပင် ထွက်ခွာလာရနိုင်ပါတယ်။
သူဟာ ဇန်နဝါရီလအထိ ဥရောပကလပ်တစ်ခုသို့ ပြောင်းရန် မစောင့်နိုင်ဘဲ ဆော်ဒီသို့ ပြောင်းလာနိုင်ပါတယ်။ ဆော်ဒီရဲ့ အပြောင်းအရွှေ့မှာ လာမယ့် ကြာသပတေးနေ့တွင်မှ ပိတ်ပါမယ်။
ဖာဒီနန်က “သူ့သာ မဟုတ်ရင် ဒီလို ထုတ်ပြန်ချက် လုပ်လာမှာ မဟုတ်ပါဘူး။ သူကတော့ သူ့အမြင်မှာသူ အကောင်းဆုံး လုပ်နေတယ်လို့ မြင်မှာပဲ။ ဒါပေမဲ့ မန်နေဂျာဘက်ကတော့ သူ့ကို အဲဒီလို မမြင်ဘူး။
ဒါကို အဆုံးသတ်ဖို့ တခုတည်းသော နည်းလမ်းပဲ ရှိတယ်။ နှစ်ခုလို့လည်း ပြောလို့ရတယ်။ အခုက ဆော်ဒီမှာ အပြောင်းအရွှေ့ ဖွင့်တုန်းပါ။ အဲဒီကို မပြောင်းဘဲ ရာသီအကုန် အထိ အရန်ခုံမှာ ထိုင်မလား၊ လူစာရင်းမှာ ချန်လှပ်ခံပြီး နေမလားဆိုတာပါ”လို့ ပြောကြားသွားပါတယ်။