ဟွိုင်လန်းကို မန်ယူမှာ ဟာလန်းလိုကြီး ဖြစ်လာဖို့ထိ မျှော်မနေကြဖို့ သတိပေးလိုက်တဲ့ သရဲနီဟောင်းကြီး

မန်ယူ တိုက်စစ်မှုးသစ် ဟွိုင်လန်း ရဲ့ ပွဲဦးထွက်ခြေစွမ်းကိုကြည့်ပြီး သရဲနီဟောင်းကြီး ဂယ်ရီနဗီးလ်တစ်ယောက် ကျေနပ် အားရခဲ့ပေမယ့် မန်စီးတီးက ဟာလန်းနဲ့နှိုင်းယှဉ်မှုတွေကတော့ မမျှတဘူးလို့ ယုံကြည်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီ တဝက်မှာ စီ ရော်နယ်ဒိုထွက်ခွာသွားပြီးကတည်းက သူ့နေရာ အစားထိုးဖို့ တိုက်စစ်မှုး ခေါ်ယူနိုင်ရန် အတွက် အချိန်တစ်ခုထိ စောင့်ခဲ့ရတာပါ။

အဲဒီအတွက် အခု ဘိုင်ယန်ရောက်သွားတဲ့ ဟယ်ရီကိန်းကို ရည်မှန်းခဲ့ပေမယ့် မဖြစ်နိုင်တဲ့အဆုံး အတ္တလန္တာက ဟွိုင်လန်း ကိုပဲ ပေါင် ၇၂ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ဟွိုင်လန်း ရဲ့ကစားပုံစတိုင်ကြောင့် ဒိန်းမတ်သား ကို မန်စီးတီး ဂိုးသွင်းစက် အာလင်း ဟာလန်းနဲ့ နှိုင်းယှဉ်မှုတွေ ရှိခဲ့ပါတယ်။ ဟွိုင်လန်းကို ဟာလန်း လက်သစ် လို့ တင်စားမှုတွေပါ ရှိခဲ့တာပါ။

ဒါပေမဲ့ နဗီးလ်ကတော့ အသက် ၂၀ အရွယ် ဒိန်းမတ်သားကို သူ့ကိုယ်ပိုင်ပုံစံနဲ့ပဲ တိုးတက် သွားစေချင်ပါတယ်။

ကျောဒဏ်ရာကြောင့် ပထမဆုံးပရီးမီးယားလိဂ် ၃ ပွဲကို လွဲခဲ့ရတဲ့ ဟွိုင်လန်း ဟာ ပြီးခဲ့တဲ့ အာဆင်နယ်ကို ၃-၁ နဲ့ ရှုံးခဲ့တဲ့ ပွဲမှာ မန်ယူအတွက် စတင် ပွဲဦးထွက်နိုင်ခဲ့တာပါ။

နောက်ဆုံး ၂၃ မိနစ်မှာ မာရှယ်အစား လူစားဝင်ကစားတဲ့ဟော့လန်းဟာ ရတဲ့အချိန်လေးမှာ ကြိုးစားကစားပြနိုင်ခဲ့ပါတယ်။

”မန်ယူမှာက ဂိုးပုံမှန်သွင်းပေးနိုင်တဲ့ တိုက်စစ်မှုး မရှိဘူး။ စီရော်နယ်ဒိုကလည်း နံပါတ် ၉ စစ်စစ်မဟုတ်ခဲ့တာပါ။ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကလည်း တောင်ပံတွေဖြစ်နေကြတယ်။

ဟွိုင်လန်း ကတော့ သင်ယူဆဲအဆင့်မှာပဲ ရှိသေးတယ်။ ထိပ်တန်း အဆင့်ဘောလုံးမှာ သူ ကစားတာလည်း ၂ ရာသီပဲ ရှိသေးတာပါ။ ဒါပေမဲ့ လူတွေက သူ့ကို မန်ယူအတွက် ဟာလန်းတစ်ယောက်ဖြစ်လာဖို့ မျှော်မှန်းနေကြပါတယ်။

ဒီအချိန်မှာတော့ အဲဒီလိုမဖြစ်နိုင်ပါဘူး။ ဒီကောင်လေးမှာ ပြောင်းရွှေ့ကြေး ဖိအားရှိပေမယ့် ကျေနပ်စရာ တာထွက်တစ်ခု ပိုင်ဆိုင်ခဲ့တာပါ”လို့ ဂယ်ရီနဗီးလ်က စကိုင်းစပေါ့ အစီအစဉ်မှာ ပွဲသုံးသပ်ရင်း ပြောဆိုခဲ့ပါတယ်။