ဆန်ချို ကိစ္စက နည်းပြ တန်ဟက် အရင် စ မှားခဲ့တာလို့ ထောက်ပြဝေဖန်လိုက်တဲ့ သရဲနီ တိုက်စစ်မှုးဟောင်းကြီး
ဂျေဒန် ဆန်ချို အပေါ် ပြုမူပုံအတွက် မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်အား မန်ယူ တိုက်စစ်မှူးဟောင်း လူးဝစ်ဆာဟာက ဝေဖန်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က အာဆင်နယ်ကို ရှုံးခဲ့တဲ့ပွဲအပြီး တန်ဟက်က ဆန်ချိုဟာ လေ့ကျင့်ရေးမှာ အရည်အသွေး မပြည့်မီခဲ့ဘူးလို့ ခံစားရတာကြောင့် အသင်းလူစာရင်းထဲကနေ ချန်လှပ်ခဲ့တာဖြစ်ကြောင်း စတင်ဖွင့်ပြောလာခဲ့တာပါ။
အဲ့ဒါကို ဆန်ချိုက ဆိုရှယ်မီဒီယာပေါ်ကနေ စိတ်ဆိုးဆိုးနဲ့ တုံ့ပြန်ခဲ့ပြီး သူက ကောင်းကောင်းလုပ်ရဲ့သားနဲ့ ကြားထဲကနေ နစ်နာရသူသာဖြစ်တယ်လို့ ပြောဆိုခဲ့တာကြောင့် ကလပ်ရဲ့ စည်းကမ်းပိုင်း အရေးယူမှုကို ခံရနိုင်ပါတယ်။

ဒီဖြစ်ရပ်အပေါ် ဆာဟာက တုံ့ပြန်ခဲ့ပြီး ဆန်ချိုကို လူရှေ့မှာ ပေါ်တင်ဝေဖန်ခဲ့ တန်ဟက်ရဲ့ ဆုံးဖြတ်ချက်က မလိုအပ်တဲ့အရာဖြစ်ခဲ့တယ်လို့ ထောက်ပြ ပြောဆို လိုက်ပါတယ်။
“ဆန်ချိုနဲ့ တန်ဟက်ရဲ့ အခြေအနေက မကောင်းဘူး။ ဒါကို ခင်ဗျားတို့လဲ မမြင်ချင်ကြဘူး။ မလိုအပ်တဲ့ကိစ္စတွေကို ထုတ်ပြောတဲ့ နည်းပြတွေ ကျွန်တော်တို့ မြင်ခဲ့ဖူးတယ်။ အခုတန်ဟက်လဲ အဲ့ဒီ့ထဲက တစ်ယောက် အပါအဝင်ပဲ။
ကစားသမားတစ်ယောက်ကို အခုလိုမျိုး လူရှေ့မှာ ထုတ်ဖော်ပြီး ဝေဖန်ဖို့မလိုအပ်ပါဘူး။ သူကောင်းကောင်းမလုပ်နိုင်လို့ ချန်ထားတယ်ဆိုတာက ဒါက သူ့ကိုယ်ပိုင်သီးသန့် ဆုံးဖြတ်ချက်ပါ။ တခါတလေ နည်းပြက ကစားသမား တစ်ယောက်အကြောင်းကို လူရှေ့ထုတ်ပြဖို့လိုပေမယ့် ဒီကိစ္စမှာတော့ လျှာရှည်ဖို့ မလိုအပ်ပါဘူး။
ဆန်ချိုကတော့ သူ့ကိုယ်သူ ကာကွယ်ရမှာပဲလေ။ နည်းပြက အရင်ထုတ်ပြောစရာကို မလိုတာပါ”လို့ ဆာဟာက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
ဆန်ချိုနဲ့ တန်ဟက်တို့ အက်ကြောင်းဟာ လူသိရှင်ကြား ဖြစ်ခဲ့တာကြောင့် ပြန် ဖြေလျှော့ဖို့ မလွယ်လှတော့ပါဘူး။