နည်းပြ တန်ဟက် အပါအဝင် အသင်း တာဝန်ရှိသူတွေနဲ့ ပြဿနာကို တည့် ဖြေရှင်းတော့မယ့် ဆန်ချို
မန်ချက်စတာ ယူနိုက်တက် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ပြီးခဲ့တဲ့ အပတ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေ အတွက် နည်းပြ အဲရစ် တန်ဟက်အပါအဝင် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဖြေရှင်းတော့မှာ ဖြစ်ပါတယ်။
ဂျေဒန် ဆန်ချိုနဲ့ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက် တို့က ပြီးခဲ့တဲ့အပတ်မှာ ပွဲကစားခွင့်နဲ့ ပတ်သတ်ပြီး စကားများခဲ့ကြကာ တန်ဟက် က သူ့ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့တဲ့ ဆန်ချိုကို အာဆင်နယ်နဲ့ ပွဲအတွက် လူစာရင်း ကနေ ဖယ်ရှားခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ သတင်းထောက် တဦးက ဘာကြောင့် ဆန်ချို တယောက် ဒီပွဲကို လွဲခဲ့တာလဲလို့ မေးခဲ့ချိန်မှာ တန်ဟက် က ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုးတွေ မပြသနိုင်ခဲ့တာကြောင့် လူစာရင်းထဲကနေ ချန်လှပ်ခဲ့တာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။
တန်ဟက် ရဲ့ အင်တာဗျူး ပြီးပြီးချင်းမှာပဲ ဆန်ချိုက သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ ပရိသတ်တွေဟာ တန်ဟက်ဂ် ပြောတဲ့ စကားတွေကို မယုံကြည်သင့်ကြောင်းနဲ့ အသင်းရဲ့ ရလဒ်ဆိုးတွေ အတွက် သူ့ကို ဓားစာခံ အဖြစ် လုပ်နေ တာတွေ ရပ်တန့်သင့်ပြီ ဖြစ်ကြောင်း စတဲ့ အဓိပ္ပါယ် ရတဲ့ စာကို တင်ခဲ့ပါတယ်။
အဆိုပါစာကြောင့်ပဲ တန်ဟက် နဲ့ ဆန်ချိုတို့ရဲ့ အကွဲအပြဲက လူသိရှင်ကြား ဖြစ်လာခဲ့ပြီး ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ အများစုနဲ့ ကစားသမားဟောင်း အများစုကတော့ နည်းပြရဲ့ အာဏာကို လူသိရှင်ကြား စိန်ခေါ်ခဲ့တဲ့ ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ဘယ်တော့မှ ပြန်မကစားပေးသင့်တော့ကြောင်း ဝေဖန်နေကြပါတယ်။
စကိုင်းစပေါ့ သတင်း အဆိုအရ ဆန်ချိုဟာ မကြာခင်မှာပဲ မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက် အပါအဝင် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံကာ သူ့ရဲ့ ပြဿနာကို ဖြေရှင်းဖို့ စီစဉ်ထားပြီး တန်ဟက် က ဆန်ချိုရဲ့ လုပ်ရပ်အတွက် ဒေါသထွက်နေပေမယ့် ဆန်ချိုရဲ့ ဖြေရှင်းချက်ကို နားထောင်ပြီးမှ ဆန်ချိုရဲ့ အနာဂတ် အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက် တရပ် ချမှတ်မယ်လို့ သိရပါတယ်။