အန်တိုနီနဲ့ ဆန်ချိုတို့ မဟန်ရင် လူသစ် ခေါ်စရာမလိုဘဲ အစားဝင်နိုင်မယ့် သူက မန်ချက်စတာ ယူနိုက်တက်မှာ အသင့် ရှိနေ

မန်ချက်စတာယူနိုက်တက်မှာ တောင်ပံတိုက်စစ်သမားတွေ ဖြစ်တဲ့ ဆန်ချိုနဲ့ အန်တိုနီတို့ ပြဿနာတွေနဲ့ ရင်ဆိုင် နေရပေမယ့်လည်း သူတို့ မကစားနိုင်ရင် အစားဝင်နိုင်မယ့်သူ ရှိနေပြီးသားဖြစ်ပါတယ်။

ဆန်ချိုနဲ့ အန်တိုနီတို့ ၂ ဦးစလုံးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ မကောင်းသတင်းနဲ့ ကျော်စောခဲ့ပြီး ဆန်ချိုဟာ နည်းပြ တန်ဟက်ကို လေ့ကျင့်ရေးမှာ အထင်ကြီးအောင် မစွမ်းဆောင်ပြနိုင်ခဲ့တဲ့နောက် လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အန်တိုနီကလည်း ရည်းစားဟောင်းကို အိမ်တွင်း အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ရပြီးနောက် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမေးမြန်းခြင်းကို ခံနေရပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်ကတော့ ဘာအမှားမှ ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ လူမှုကွန်ရက်ပေါ်မှာ ဖြေရှင်းထားပါတယ်။

ကစားသမား ၂ ဦးစလုံးရဲ့ အနာဂတ်ဟာ လက်ရှိမှာ မရေမရာဖြစ်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ တိုက်စစ်ရွေးချယ်စရာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတာဖြစ်ပေမယ့်လည်း အိုးထရက်ဖို့ဒ်က လူစာရင်းထဲမှာပဲ ပြီးပြည့်စုံတဲ့အဖြေက ရှိနေပြီးသားဖြစ်ပါတယ်။

လူငယ်ကြယ်ပွင့် အာမက် ဒီယာလိုဟာ ရိန်းဂျားစ်နဲ့ ပထမဆုံး အငှားကစားသမားဘဝအတွင်းမှာ ဘာ လုပ်ဆောင် ပေးနိုင်လဲ ဆိုတာကို ပြသခဲ့ပြီး ပရိသတ်တွေရဲ့ အထင်ကြီးခြင်းကို ခံခဲ့ရတာဖြစ်ပြီး ၂၀၂၂-၂၀၂၃ ရာသီမှာ ချန်ပီယံရှစ်ကလပ် ဆန်းဒါးလန်းကို အငှားနဲ့ ထွက်ကစားချိန်မှာ ၄၂ ပွဲမှာ ၁၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ လက်ရှိမှာတော့ ရာသီကြိုမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ ကြိုးပမ်းနေပါတယ်။ ဒီယာလို ဘယ်အချိန်ပြန်ကစားပေးနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အနာဂတ်မှာ ပရိသတ်တွေ စောင့်ကြည့်ရမယ့် ကစားသမားဆိုတာတော့ သေချာပါတယ်။

လက်ရှိမှာ ဈေးကွက်ကလည်း ပိတ်သွားပြီ ဖြစ်တာကြောင့် ဆန်ချိုနဲ့ အန်တိုနီ တို့ ယူနိုက်တက်နဲ့ မကစားရင်တောင် လူသစ် ခေါ်မရမှာတော့ ယူနိုက်တက်တို့ စိတ်ပူစရာ မလိုတော့ပါဘူး။