ပရဟိတ ဆေးရုံလား၊ ဘောလုံးကလပ်လား မသဲကွဲတော့အောင် လာသမျှသူ ဆေးကုပေးနေရတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် ကစားသမားသစ် အမ်မရာဘတ်ဟာ ဒဏ်ရာပြဿနာကြောင့် မော်ရိုကို အသင်း လူစာရင်းကနေ နုတ်ထွက် လိုက်ရပြီဖြစ်ပါတယ်။
အသင်း ရောက်ရောက်ချင်း ပွဲမကစားရသေးဘဲ ဒဏ်ရာ ရှိနေတာက ဒီနွေမှာ အမ်မရာဘတ်တင် မဟုတ်ဘဲ ရှေ့မှာ တိုက်စစ်မှုး ဟွိုင်လန်း ရှိထားပြီး ဖြစ်ပါတယ်။ မေဆန်မောင့်ကလည်း ၂ ပွဲသာ ကစားပြီး ဒဏ်ရာ ရသွားပါသေးတယ်။
ဟွိုင်လန်း ကတော့ လက်ရှိမှာ ပွဲ ပြန်ကစားနိုင်နေပြီ ဖြစ်ပြီး အမ်မရာဘတ်ကတော့ ဘယ်အချိန်ထိ ကြာမယ် မသိသေးပါဘူး။ အသင်း အားဖြည့်ဖို့ လူသစ်တွေ သေချာ ရွေးချယ် ခေါ်ယူခဲ့ပေမယ့် ရောက်တာနဲ့ ဆေးကုပေးနေရတာကတော့ ယူနိုက်တက်ရဲ့ ကံကြမ္မာပါပဲ။

အမ်မရာဘတ်ဟာ နွေရာသီ အပြောင်းအရွှေ့အတွင်း ဖီအိုရင်တီးနားကနေ ယူနိုက်တက်အသင်းကို တစ်ရာသီ အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး ယူနိုက်တက်အသင်းက အမ်မရာဘတ်အတွက် အငှားခေါ်ယူခ ပေါင်(၈)သန်းပေးချေခဲ့ရသလို အပြီးသတ် ခေါ်မယ်ဆိုရင် နောက်ထပ် ပေါင်(၂၁)သန်းပေးရမှာဖြစ်ပါတယ်။
အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူ အမ်မရာဘတ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းအတွက် ခြေစွမ်းပြပြီး အသင မိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ဆီမီးဖိုင်နယ်ရောက်ရှိအောင် ပို့ဆောင်ခဲ့တာကြောင့် မော်ရိုကို အသင်းဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အဆင့်တက်ရောက်နိုင်တဲ့ ပထမဆုံး အာဖရိက လက်ရွေးစင်အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရာသီမှာ အမ်မရာဘတ်က ဖီအိုရင်တီးနားအသင်းကို ယူရိုပါ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲရောက်အောင် ကူညီပေးခဲ့သူပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်အစပိုင်းမှာပဲ ရုန်းကန်နေရပြီး (၄)ပွဲကစား၊ (၂)ပွဲရှုံး၊ (၆)မှတ်သာ ရခဲ့သလို ကွင်းလယ်လူသစ် မေဆင်မောင့်ကလည်း ဒဏ်ရာကြောင့် ကာလရှည် အနားယူဖို့ရှိနေတဲ့အတွက် အမ်မရာဘတ်က အသင်းမှာ ချက်ချင်းခြေစွမ်းပြနိုင်ဖို့ ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။
ဒါပေမဲ့ အခု အမ်မရာဘတ်က ဒဏ်ရာပြဿနာကြောင့် လိုင်ဘေးရီးယားနဲ့ ကစားမယ့် အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲ၊ ဘာကီနာဖာဆိုနဲ့ ကစားမယ့်ခြေစမ်းပွဲတွေအတွက် လက်ရွေးစင်အသင်းလူစာရင်းကနေ နုတ်ထွက်သွားပြီဖြစ်လို့ ယူနိုက်တက် နည်းပြအဲရစ်တန်ဟက်အတွက် စိုးရိမ်စရာဖြစ်နေပါတယ်။
အမ်မရာဘတ်ရဲ့ ဒဏ်ရာကို အသေးစိတ် မသိရသေးပေမယ့် ယူနိုက်တက်အသင်းမှာ ဆေးစစ်မှုခံယူခဲ့တုန်းက တွေ့ရှိခဲ့ရတဲ့ နောက်ကျောဒဏ်ရာပဲ ဖြစ်ဖို့များပါတယ်။
ယူနိုက်တက်အသင်းဟာ အမ်မရာဘတ်ကို ဆေးစစ်ခဲ့ချိန်မှာ အသေးစား နောက်ကျောဒဏ်ရာရှိနေတာကို စစ်ဆေး တွေ့ရှိခဲ့ပေမယ့် အမ်မရာဘတ်နဲ့ တရားဝင်အငှားစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အခု စက်တင်ဘာ(၁၆)ရက်ကျရင် ဘရိုက်တန်နဲ့ပရီးမီးယားလိဂ်အိမ်ကွင်းပွဲကစားရမှာဖြစ်ပြီး အဲဒီပွဲမှာ အမ်မရာဘတ် ပွဲဦးထွက်ကစားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။