ချန်ပီယံလိဂ် ပွဲတွေ ပြန် ကစားရတော့မယ့် ဖီလင် ဘယ်လိုရှိသလဲ ရင်ဖွင့်လာတဲ့ ဘရူနိုဖာနန်ဒက်စ်

ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပြိုင်ပွဲဖြစ်တယ်လို့ ချီးကျူးလိုက်ပြီး ယူနိုက်တက်နဲ့ ဒီပြိုင်ပွဲကို ပြန်လည် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့အပေါ် ခံစားချက်တွေကို ဖွင့်ဟလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ယမန်နှစ်ရာသီက ချန်ပီယံလိဂ်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ပေမယ့် ယခုနှစ်မှာတော့ ပြန်လည်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ဘိုင်ယန်မြူးနစ်၊ ကိုပင်ဟေဂင်၊ ဂါလာတာစာရေး အသင်းတွေနဲ့ တစ်အုပ်စုထဲ ကျနေခဲ့ပါတယ်။

သရဲနီတွေဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ၂၀ရက်နေ့မှာ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ဖာနန်ဒက်စ်က “ချန်ပီယံလိဂ်မှာ ကစားရတာက အမြဲထူးခြားတဲ့ခံစားချက်မျိုး ရရှိစေပါတယ်။ ဒီပြိုင်ပွဲက ကလပ်တွေအတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံးပြိုင်ပွဲဖြစ်ပြီး ယူနိုက်တက်လို ဥရောပအသင်းကြီး တစ်သင်းမှာ ကစားနေရင် ဒီလိုပြိုင်ပွဲမှာ ပါဝင်ကစားကြမှာပါပဲ”လို့ပြောခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ် ၁၃ပွဲပါဝင်ကစားခဲ့ပြီး လေးဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ချန်ပီယံလိဂ်ပွဲတွေ ပြန်ကစားရခြင်းအပေါ် ဖာနန်ဒက်စ်က “ဒီလိုညတွေက ထူးခြားပါတယ်။ အဲ့ဒီလိုမျိုး ကျွန်တော် အမြဲပြောလေ့ရှိပါတယ်။ ကျွန်တော် ဒီမှာကစားနေကတည်းက ချန်ပီယံလိဂ်ပွဲစဉ်တွေကို ကိုဗစ်ကြောင့် ပရိသတ်တွေမပါဘဲ ကစားခဲ့ရပါတယ်။

ပရိသတ်တွေရှေ့ ပြန်ကစားနိုင်ခဲ့ချိန်မှာတော့ ကျွန်တော်တို့ နောက်ကျဂိုးနဲ့ နိုင်ပွဲတွေရလာခဲ့ပါတယ်။ အဲ့ဒါက ချန်ပီယံလိဂ်ပွဲစဉ်တွေကို မတူညီတဲ့ ခံစားချက်မျိုး ပေးစွမ်းစေတဲ့အရာပါပဲ။ အခု ယူနိုက်တက်ကို ရောက်လာတဲ့ ကစားသမား သစ်တွေဆိုရင်လည်း အဲ့ဒီလိုညတွေကို ပိုင်ဆိုင်ချင်မှာပါပဲ။

ကျွန်တော်တို့လည်း ဒီလိုခံစားချက်မျိုးရှိကြပြီး ကျွန်တော်ကတော့ အိုးထရက်ဖို့ဒ်ကွင်းထဲက ပရိသတ်တွေရှေ့ ဂိုးအချို့သွင်းပြနိုင်ဖို့ မျှော်လင့်ထားပါတယ်”လို့ ဆိုပါတယ်။
ယူနိုက်တက်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီး စက်တင်ဘာ၁၆ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲကျပ်ပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။