သူ့အပေါ် စွဲချက်တွေ မှားယွင်းကြောင်း အင်တာဗျူးမှာ မျက်ရည်တွေနဲ့ ငြင်းဆန် ဖွင့်ချသွားတဲ့ အန်တိုနီ
မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစားသမား အန်တိုနီဟာ ဘရာဇီးရုပ်သံတစ်ခုနဲ့ အင်တာဗျူးမှာ သူ့အပေါ် စွပ်စွဲထားတာမှန်သမျှကို မျက်ရည်စက်လက်နဲ့ ငြင်းဆန်သွားခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ အတူနေချစ်သူဟောင်းကာဗယ်လင်ကို အိမ်တွင်း အကြမ်းဖက်မှု လုပ်ခဲ့ကြောင်း အမှုဖွင့်ခံထားရတာပါ။

ဘရာဇီး DJ နဲ့ Influencier တစ်ယောက်လည်းဖြစ်တဲ့ ကာဗယ်လင်က ၂၀၂၂ ဇွန်ကနေ ၂၀၂၃ မေလအတွင်း အန်တိုနီဟာ သူမကို ၄ ကြိမ်တိုင် ရုပ်ပိုင်းဆိုင်ရာစော်ကားမှုလုပ်ခဲ့ကြောင်း ဘရာဇီးမှာရော အင်္ဂလန်မှာပါ အမှုဖွင့် တိုင်ထားကြားထားပါတယ်။
အခုလည်း နောက်ထပ်အမျိုးသမီးနှစ်ယောက်က အန်တိုနီကို အဲဒီလိုတူညီတဲ့စွပ်စွဲမှုတွေလုပ်ထားကြတာပါ။
အခုတော့ အန်တိုနီက ထို စွပ်စွဲချက်တွေ မှားယွင်းကြောင်းနဲ့ သူ့အိုးလ်ထရက်ဖို့ဒ်အနာဂါတ်ကို စိုးရိမ်ခြင်းမရှိကြောင်း ရုပ်သံအင်တာဗျူးမှာ အခိုင်အမာပြောခဲ့ပါတယ်။
” အဲဒါက ဒီလိုဖြစ်ခဲ့တာပါ။ မနက်ခင်း လေ့ကျင့်ရေးပြီးလို့ ကားမောင်းပြီး သူမ နေနေတဲ့ဟိုတယ်ကို ကျွန်တော် ပြန်သွားခဲ့တာပါ။
ပုံမှန်အတိုင်းပဲ ကျွန်တော်တို့ နေ့လည်စာအတူစားကြတယ်။ ပုံမှန်အတိုင်းပဲ ကျွန်တော်တို့ စကားပြောကြတယ်။ အဲဒီမှာ ရုတ်တရက် စကားထများပြီး ငါသွားတော့မယ်လို့ သူမကို ကျွန်တော်ပြောခဲ့ပါတယ်။
ကျွန်တော်က အိပ်ရာပေါ်ထိုင်နေတာပါ။ သူမက ကျွန်တော့်မျက်နှာကို လှမ်းကုတ်ပါတယ်။ လှမ်းရိုက်ပါတယ်။ ကော်ဖီခွက်တွေ၊ ပန်းကန်တွေကို ခွဲတယ်။ အနီးကပ် မျက်နှာချင်းဆိုင်မှာ သူမကို ကျွန်တော် ကိုင်ထားပေမယ့် ဖျစ်ညှစ်တာ မလုပ်ခဲ့ပါဘူး။
ဘာမှကို မလုပ်ခဲ့တာပါ။ စိတ်လျှော့၊ စိတ်လျှော့လို့ပဲ သူမကို ပြောခဲ့တာပါ”လို့ အန်တိုနီက ဆိုခဲ့တာပါ။
စွပ်စွဲထားသလို ခေါင်းနဲ့တိုက်တာရော လုပ်ခဲ့သလားလို့ မေးတော့ အန်တိုနီက ”မလုပ်ပါဘူး။ ဘယ်လိုအခြေအနေမှာမှ သူမကို ခေါင်းနဲ့တိုက်တာ မလုပ်ခဲ့ပါဘူး”လို့ ပြန်ဖြေပါတယ်။
ဒါ့အပြင် အခြား အမျိုးသမီးနှစ်ယောက်ရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အန်တိုနီဟာ ရာနှုန်းပြည့်ငြင်းဆန်ခဲ့တာပါ။