အာကြီးကို ရှုံးတာနဲ့ ဆန်ချို ကိစ္စက လူတွေ ချဲ့ကားလွန်းလို့ ကိစ္စကြီး ဖြစ်နေကြောင်း ခပ်ပေါ့ပေါ့ ပြောလာတဲ့ လင်ဒီလော့ဖ်

နည်းပြ အဲရစ်တန်ဟတ်နဲ့ တိုက်စစ်မှူး ဂျေဒန်ဆန်ချိုတို့ကြားက ကိစ္စနဲ့ ပတ် သက်လို့ အပြင်မှာ ဂယက်ထနေပေမဲ့ အသင်းသားတွေကတော့ အေးအေး ဆေးဆေးပဲလို့ မန်ယူ နောက်ခံလူ လင်ဒီလော့ဖ်က ဖော်ထုတ် ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်ကို ရှုံးခဲ့တဲ့ပွဲရဲ့ လူစာရင်းမှာ မပါတဲ့ကိစ္စနဲ့ပတ်သက်ပြီး မန်ယူအသင်း ကစားပုံမကောင်းတာဟာ တစ်သင်းလုံးကြောင့် ဖြစ်ပြီး သူက ပဲလှော်ကြား ဆားညပ်ရတာလို့ ဆန်ချိုတစ်ယောက် လူမှုကွန်ရက်ကနေတစ်ဆင့် ထုတ်ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်သာလန်သားနည်းပြကတော့ အင်္ဂလန်သားဟာ လေ့ကျင့်ရေးအစီအစဉ်မှာ ကောင်းကောင်း မလုပ်နိုင်ခဲ့လို့ ချန်ထားခဲ့တာဖြစ်တယ်လို့ လူသိရှင်ကြား ပြန်ရှင်းပါတယ်။

ဒီကိစ္စဟာ သတင်း စာမျက်နှာတွေရဲ့ ခေါင်းကြီးပိုင်းကို နေ့တိုင်းဆိုသလို ရောက်နေပေမဲ့ မန်ယူ နောက်ခံလူ လင်ဒီလော့ဖ်ကတော့ သူ့ရဲ့ အမြင်နဲ့ ပတ်သက်ပြီး အခုလို ရှင်းပြပါ တယ်။

” ကျွန်တော့်အမြင်ပေါ့။ မန်ယူလို အသင်းမျိုးမှာက အရမ်းအရမ်းကို ရေးလို့ကောင်းတဲ့ ကိစ္စတွေ အများကြီး ရှိတယ်။

ရှိလည်း ရှိလာမှာပဲ။ ဖြစ်ပျက် နေတာတွေနဲ့ ပတ်သက်ပြီး သူတို့က တတ်နိုင်သမျှ အကြီးကြီးကို ချဲ့ကား ရေးသားဖို့ ကြိုးစားကြတာပဲ။

ဒါပေမဲ့ ကစားသမားတွေအဖို့ကတော့ အေး အေး ဆေးဆေးပါပဲ။ ဟုတ်တယ်။ ကျွန်တော်တို့ ပြီးခဲ့တာတွေ ပြီးသွားပြီ။ ၂ ပွဲ ကလည်း ဆိုးဆိုးရွားရွားရလဒ် ထွက်သွားပြီ။

ဒါပေမဲ့ တစ်ခုရှိတာက ကျွန်တော်တို့ ရှည်ရှည်ဝေးဝေးတွေ တွေးမနေပါဘူး။ ကျွန်တော်တို့ဟာ ကျစ်လျစ် တောင့်တင်းတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး စိတ်ချမ်းသာကြပါတယ်။

အဆင့်အမြင့်ဆုံး ဆိုတဲ့ အနေအထားတစ်ခုမှာ ကစားရတဲ့အခါ ဒီလိုပဲ ရှိတတ်ပါတယ်။ ဒီလို မျိုး အကြောင်းအရာတွေ ဆိုရင် ရေးသားဖို့အတွက် ချောင်းနေတဲ့လူတွေက အမြဲ တမ်း ရှိပါတယ်။

ဒါပေမဲ့ ကျွန်တော့်ဘက်ကတော့ အေးအေးဆေးဆးပါပဲ။ ” လို့ လင်ဒီလော့ဖ်က ပြောသွား ခဲ့ပါတယ်။

နောက်ပြီး နည်းပြအဲရစ်တန်ဟတ်ရဲ့ လက်အောက်မှာ ပုံမှန်ပွဲ ထွက်ခွင့် ပျောက်နေတဲ့အတွက် အသင်းကနေ ထွက်သွားဖို့ နီးစပ်ခဲ့တယ်ဆို တဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း လင်ဒီလော့ဖ်က

“ဘာမှကို မနီး စပ်ခဲ့ပါဘူးဗျာ။ ကျွန်တော် ကလပ်မှာ နေရတာ ပျော်ပါတယ်။ နောက်ပြီး စာချုပ်သက်တမ်းကလည်း ၂၀၂၄ ခုနှစ်အထိ ရှိနေသေးတယ်။ ” လို့ လင်ဒီလော့ဖ် က ပြောခဲ့ပါတယ်။

လင်ဒီလော့ဖ်ဟာ ပြီးခဲ့တဲ့ စနေညက ကစားခဲ့တဲ့ အက်စ် တိုးနီးယားနဲ့ ပွဲမှာတော့ ဆွီဒင်အသင်း လူစာရင်းမှာ ပွဲထွက်ခွင့် ရခဲ့ပါတယ်။