မန်ချက်စတာ ယူနိုက်တက်မှာ တကယ့် ပြဿနာ က မက်ဂွဲယား မဟုတ်ကြောင်း ကီယွန် သုံးသပ် သတိပေး

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နောက်ခံလူ မက်ဂွဲယားက ပြဿနာတစ်ခုမဟုတ်ကြောင်း အင်္ဂလန်နဲ့ အာဆင်နယ် နောက်ခံလူဟောင်း မာတင်ကီယွန်က ပြောဆို သုံးသပ် သွားပါတယ်။

မက်ဂွဲယားဟာ ယူနိုက်တက် ပရိသတ်တွေရဲ့ စိတ်ပျက်စွာ ဝေဖန်မှုတွေ များစွာ ခံယူနေရသူ ဖြစ်ပြီး ကွင်းထဲ အမှားများစွာ ကျူးလွန်လေ့ ရှိတာကြောင့် နည်းပြ တန်ဟက်ကိုယ်တိုင်လည်း ၎င်းကို အားထားခြင်း မရှိဘဲ အသင်းမှာ နောက်ဆုံးပို့ထားခြင်း ခံရသူပါ။

ဒါပေမယ့် မန်ယူအသင်းမှာ မက်ဂွဲယားက ပြဿနာမဟုတ်ပဲ ကွင်းလယ်ပိုင်းကသာ ပြဿနာရှိနေကြောင်း မာတင်ကီယွန်က ပြောပါတယ်။

မာတင်ကီယွန်က“တကယ်တော့ သူတို့ရဲ့ ကွင်းလယ်ကသာ ဖြေရှင်းရမယ့်ကိစ္စဖြစ်ပြီး ဟယ်ရီ မက်ဂွဲယားက တကယ့် ရှိနေတဲ့ ပြဿနာ မဟုတ်ပါဘူး”လို့ ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ကွင်းလယ်မှာ ကတ်စမီရိုရဲ့ စွမ်းဆောင်ရည် ကျဆင်းလာမှု အပါအဝင်၊ ဖာနန်ဒက်စ်၊ မေဆန်မောင့်တို့ရဲ့ ကွင်းလယ်က ဖြေရှင်းရမယ့်ကိစ္စဖြစ်ပြီး အဲရစ်ဆင်၊ တွန်မီနေးနဲ့ အမ်ရာဘတ်တို့ထဲက တစ်ဦးနဲ့ တွဲဖက် အသုံးပြုသွားဖို့ လိုအပ်ကြောင်း မာတင်ကီယွန်က သုံးသပ် သတိပေး သွားခဲ့ပါတယ်။

မက်ဂွဲယားဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီးနောက် ယူနိုက်တက်က အနိုင်ဂိုးနှစ်ဂိုး ပေးလိုက်ရကာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။