ဆန်ချို၊ အန်တိုနီတို့ကိစ္စတွေကြောင့် အလွတ်နဲ့ ရမယ့် တောင်ပံ တိုက်စစ်သမား တစ်ဦး ချက်ချင်း ခေါ်ဖို့ မန်ယူအသင်း စီစဉ်
မန်ချက်စတာ ယူနိုက်တက်ဟာ တောင်ပံတိုက်စစ်သမားတွေ ဖြစ်တဲ့ အန်တိုနီနဲ့ ဆန်ချို တို့ရဲ့ ပြသနာတွေကြောင့် ရေတို ဖြေရှင်းနည်း အနေနဲ့ အလွတ်နဲ့ ရမယ့် တိုက်စစ် ကစားသမား တစ်ယောက် ခေါ်ယူဖို့ ပြင်ဆင်လာပါတယ်။
ယူနိုက်တက်ဟာ လက်ရှိ ဖရီးအေးဂျင့် ဖြစ်နေတဲ့ အက်စတွန်ဗီလာ တိုက်စစ်သမားဟောင်း အယ်ဂါဇီ ကို ခေါ်ယူဖို့ စဉ်းစားလာခဲ့တာပါ။

နည်းပြ တန်ဟက် အကြိုက် တောင်ပံတိုက်စစ်သမား အန်တိုနီက ရည်းစားဟောင်းနဲ့ အမှုကိစ္စတွေ ရှင်းဖို့ ယူနိုက်တက် ကနေ လစာမဲ့ ခွင့် ယူသွားခဲ့ပြီး တဖက်မှာ ဆန်ချို ကလည်း နည်းပြတန်ဟက်ကို လူသိရှင်ကြား ကလန် ကဆန် လုပ်လာခဲ့တာပါ။
ဆန်ချိုနဲ့ တန်ဟက်တို့ဟာ ဒီတပတ်ထဲမှာ မျက်နှာချင်းဆိုင် ပြောဆို ဆွေးနွေးဖို့ ရှိနေပြီး အင်္ဂလန်သားကတော့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ခြေလှမ်းပြင်နေပါတယ်။
ဆန်ချိုနဲ့ အန်တိုနီတို့သာ မကစားနိုင်ရင် နည်းပြ တန်ဟက် အနေနဲ့ တောင်ပံမှာ သုံးဖို့ ရက်ဖို့ဒ်၊ ဂါနာချိုနဲ့ ပယ်လစ္စထရီ တို့ကို ထည့်သွင်းရဖွယ် ရှိနေပါတယ်။
ဒေးလီးမေးလ် သတင်း အဆိုအရ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အပတ်က PSV နဲ့ လမ်းခွဲလာခဲ့တဲ့ နယ်သာလန် တောင်ပံ ကစားသမား အယ်ဂါဇီ ကို စိတ်ဝင်စားလာနေကြောင်း သိရပါတယ်။
အယ်ဂါဇီက အက်စတွန်ဗီလာမှာ ကစားဖူးပြီး ၁၁၉ ပွဲ ကစား ၂၆ ဂိုး သွင်း၊ ၁၆ ဂိုး ထောက်ပံ့မှု ပြုလုပ်ခဲ့ပါတယ်။ ၎င်းက အဲဗာတန်၊ အေဂျက်နဲ့ လိုင်လီတို့မှာလည်း ကစားဖူးသူပါ။
အသက် ၂၈ နှစ် အရွယ် ကစားသမားကို ဆော်ဒီပရိုလိဂ်ဘက်က စိတ်ဝင်စား ကမ်းလှမ်းမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ယူနိုက်တက် အနေနဲ့ နယ်သာလန်သားကို ခေါ်ယူချင်ရင် အမြန် လှုပ်ရှားရမှာ ဖြစ်ပါတယ်။