အင်္ဂလန်အတွက် ရဲတိုက်တခုလို မားမားမတ် ကာကွယ်နေတဲ့ မက်ဂွဲရား အား ဝေဖန်နေကြလို့ အမျက်ရှနေတဲ့ ဆောက်ဂိတ်
အင်္ဂလန် နည်းပြဆောက်ဂိတ်က နောက်ခံလူ မက်ဂွဲရား အပေါ်ဆိုးဝါးစွာ ဝေဖန်နေတဲ့ ပရိသတ်တွေရဲ့လုပ်ရပ်ဟာ မိမိမြင်ဖူးသမျှ အဆိုးဆုံးဖြစ်ကြောင်းတဲ့ အဆိုပါပရိသတ်တွေဟာ “ငတုံး”တွေဖြစ်တယ်လို့ ဒေါသတကြီး တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
ဒီရာသီအတွင်း မန်ချက်စတာယူနိုက်တက်အတွက် လူစားဝင်ကစားသမားအဖြစ် တစ်ကြိမ်သာပါဝင်ရသေးတဲ့ မက်ဂွဲရား ကို ဆောက်ဂိတ်က ယူကရိန်းနဲ့ ၁ ဂိုးစီ သရေကျခဲ့နဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ်အသုံးပြုခဲ့တဲ့အပြင် စကော့တလန်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း လူစားဝင်ကစားသမားအဖြစ် အစားထိုး ထည့်သွင်းခဲ့ပါတယ်။
မက်ဂွဲရား ဟာ ပွဲအစမှာပဲ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကိုခံခဲ့ရပြီး လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်ကာ ကောင်းမွန်စွာ ကစားခဲ့သော်လည်း ကံမကောင်းစွာနဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာကြောင့် ပရိသတ်တွေရဲ့ အပြင်းအထန် ဝေဖန်ပြောဆိုမှုကိုခံခဲ့ရတာဖြစ်ပါတယ်။

ဆောက်ဂိတ် က စကော့တလန်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို မငြိုငြင်ခဲ့ပေမယ့် အင်္ဂလန်ပရိသတ်တွေနဲ့ မီဒီယာတွေရဲ့ လှောင်ပြောင်ပြောဆိုမှုတွေကိုတော့ ဒေါသတကြီး ပြစ်တင်ရှုံ့ချလိုက်ပါတယ်။
ပွဲအပြီးမှာ နည်းပြ ဆောက်ဂိတ်က ” မက်ဂွဲရား က ပြီးခဲ့တဲ့အပတ်မှာ အလွန်ထူးခြားကောင်းမွန်တဲ့ အခြေအနေရှိခဲ့ပါတယ်။ ဒီညမှာ သူ့အပေါ်လှောင်ပြောင်ခဲ့တဲ့ ရူးကြောင်ကြောင် ငတုံးပရိသတ်တွေရဲ့တုံ့ပြန်မှုက အင်မတန် ဆိုးဝါးပါတယ်။
ဒါကြောင့်ကျွန်တော်ပြောချင်တာတစ်ခုက ကိုယ့်အသင်းကိုအားပေးတယ်ဆိုရင် ကိုယ့်အသင်းရဲ့ကစားသမားကိုလည်း ကာကွယ်ရမယ်ဆိုတာပါပဲ။ ကျွန်တော်တို့ရဲ့ပရိသတ်တွေကပဲ ကျွန်တော်တို့အသင်းရဲ့ပြဿနာကိုဖန်တီးနေကြတာပါ။ အချို့ရေးသားချက်တွေ၊ မှတ်ချက်တွေနဲ့ လှောင်ပြောင်မှုတွေက တကယ့်ပေါက်ကရတွေပါပဲ”လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ” မက်ဂွဲရား က အင်္ဂလိဂ်ဘောလုံးလောကရဲ့ အအောင်မြင်ဆုံးကာလတွေထဲက ကာလတစ်ခုမှာ အသင်းအတွက် မားမားမတ်မတ်ရပ်တည်နေတဲ့ ရဲတိုက်တစ်ခုလိုပါပဲ။ စတော့တလန်ပရိသတ်တွေရဲ့ လှောင်ပြောင်မှု ကိုတော့ ကျွန်တော် နားလည်ပေးနိုင်ပါတယ်။
ဒါပေမယ့် အဲဒီလှောင်ပြောင်မှုက ကျွန်တော်တို့ပရိသတ်တွေဆီကတစ်ဆင့် ကူးသွားတာကတော့ တကယ် စိတ်ပျက်စရာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
ဆောက်ဂိတ်က မက်ဂွဲရား ကို ကာကွယ်ပြောဆိုမှုများပြုလုပ်ခဲ့ပြီး စကော့တလန်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကိုတော့ မှတ်ချက်ပေးစရာမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
၎င်းက “ကျွန်တော့်ဘဝမှာ ဒီလောက်အထိ အညှာတာကင်းမဲ့စွာအလှောင်ခံရတဲ့ကစားသမားမျိုး မတွေ့ဖူးသေးပါဘူး။ စကော့တလန် ပရိသတ်တွေကတော့ ထားပါ။ ကျွန်တော်တို့ရဲ့ပရိသတ်တွေနဲ့ မီဒီယာတွေရဲ့ ဖော်ပြ ရေးသားချက်တွေ ကိုတော့ ရှုံ့ချပါတယ်။
သူတို့တွေက ကျွန်တော်တို့မြင်တွေ့ဖူးတဲ့ အရာတွေထက်ကို ကျော်လွန်ပြီး ဖန်တီးနေကြတာပါ။ မက်ဂွါရီက ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ဒုတိယအအောင်မြင်ဆုံး အင်္ဂလန်အသင်းရဲ့ အားထားရတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူကအသင်းအတွက် အဓိကအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။
ကျွန်တော့်အနေနဲ့ အသင်းရဲ့စီနီယာကစားသမားတွေရဲ့ အရေးပါမှုတွေကို ပြောပြခဲ့ဖူးပါတယ်။ သူက ထိပ်တန်း ကစားသမားတစ်ဦးဖြစ်ပြီး ကျွန်တော်တို့တစ်သင်းလုံးကလည်း သူ့ဘက်မှာရှိပါတယ်။ ပြီးတော့ ပရိသတ်တွေကိုလည်း သူ့ဘက်မှာရှိနေစေချင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။