လက်ရှိ လူစာရင်းကို ရဖို့ တန်ကြေး အမြင့်ဆုံး သုံးစွဲထားရတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အချက်အလက်များ ပေါ်လာ

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ လက်ရှိ ကစားသမား စာရင်းကို ရရှိနိုင်ရေး အတွက် ကမ္ဘာပေါ်မှာ ရှိတဲ့ အသင်းတိုင်းထက် ငွေတွေ ပိုသုံးထားတဲ့ အသင်းအဖြစ် မှတ်တမ်း တစ်ခု ပိုင်ဆိုင်သွားခဲ့ရပါပြီ။

ဒါကိုတော့ CIES ရဲ့ ဘောလုံး သုတေသန အဖွဲ့မှ ဖော်ထုတ်ခဲ့တာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီ ကစားသမား စာရင်းကို ရရှိဖို့ အတွက် စုစုပေါင်း ပေါင် 991.7 သန်း အထိ သုံးစွဲထားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့နောက်မှာတော့ တော့ဒ် ဘိုလီ ရဲ့ ချဲလ်ဆီး အသင်းက ..

စုစုပေါင်း သုံးစွဲငွေ ပေါင် 977.9 သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ မန်စီးတီး အသင်းက ပေါင် 898.5 သန်းနဲ့ တတိယ နေရာမှာ ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဒီစာရင်းရဲ့ ထိပ်သီး သုံးသင်း နေရာမှာတော့ ပရီးမီးယားလိဂ် အသင်းတွေကချည်း နေရာယူခဲ့ကြပါတယ် ။ နံပါတ် 4 နေရာမှာတော့ လီဂူး ဝမ်း ထိပ်သီး PSG အသင်းက သုံံးစွဲငွေ စုစုပေါင်း ပေါင် 862.3 သန်း နဲ့ အဆင့် 4 နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

အဲ့ဒီနောက် အဆင့် 5 နေရာမှာ အာဆင်နယ် အသင်းက ပေါင် 720.9 သန်း ၊ အဆင့် 6 နေရာမှာ တော့တင်ဟမ် ဟော့ စပါး အသင်းက ပေါင် 714.9 သန်း ၊ အဆင့် 7 နေရာမှာ လီဗာပူး အသင်းက ပေါင် 664 သန်းနဲ့ ရပ်တည်နေခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဥရောပ ဘုရင်ကြီး ရီးယဲ မက်ဒရစ် က ပေါင် 610.5 သန်းနဲ့ အဆင့် 8 နေရာ၊ နယူးကာဆယ် အသင်းက ပေါင် 570 သန်း နဲ့ အဆင့် 9 နေရာ၊ ဝက်စ်ဟမ်း အသင်းက ပေါင် 435.5 သန်း နဲ့ အဆင့် 10 နေရာတွေမှာ အသီးသီး ရပ်တည်နေခဲ့ကြပါတယ်။

အဆိုပါ အသင်း 10 သင်းကို ခြုံငုံကြည့်လိုက်ရရင်ဖြင့် ပရီးမီးယားလိဂ် ကလပ် 8 သင်းအထိ ပါဝင်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး လာလီဂါမှ ရီးယဲ မက်ဒရစ် ၊ လီဂူးဝမ်း မှ PSG အသင်းတို့သာ ရှိနေခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

နေရာ တစ်ခုချင်းစီကို ကြည့်လိုက်ရင်တော့ တိုက်စစ်ပိုင်း ကစားသမားတွေ ခေါ်ယူရေးမှာ PSG ၊ ကွင်းလယ် ကစားသမား ခေါ်ယူရေးမှာ ရီးယဲ မက်ဒရစ်၊ ခံစစ်ပိုင်း အင်အား ဖြည့်တင်းရေးမှာ မန်ချက်စတာ ယူနိုက်တက်၊ ဂိုးသမား ခေါ်ယူရေးမှာ လီဗာပူး အသင်းတို့က ငွေပိုသုံးခဲ့တာကို မြင်နေခဲ့ရပါတယ်။