ဟွိုင်လန်းကို မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ၂၅ ယောက် လူစာရင်းမှ ချန်လှပ်

၂၀၂၃-၂၄ ဘောလုံးရာသီအတွက် မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ကစာသမား ၂၅ ယောက်စာရင်းမှာ တိုက်စစ်မှူး ရာမတ်စ်ဟွိုင်လန်း၊ ဂါနာချိုနဲ့ မိုင်နူးတို့ ပါမလာခဲ့ပါဘူး။

ဘောလုံးရာသီတစ်ခုစလို့ နွေရာသီ ဈေးကွက်ပိတ် သွားတဲ့အခါ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ သက်ဆိုင်ရာ အာဏာ ပိုင် အဖွဲ့အစည်းဆီကို ပြိုင်ပွဲဝင်မယ့် အပြီးသတ် ကစားသမား ၂၅ စာရင်းကို ပေးပို့ရပါတယ်။

အဲဒီအတွက် မန်ယူဟာလည်း တခြားပြိုင်ပွဲဝင်အသင်းတွေ နည်းတူ သူတို့ရဲ့ ဒီရာသီ ပြိုင်ပွဲဝင် အပြီးသတ်လူစာရင်းကို ပေးပို့ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလူစာရင်းမှာတော့ အာဂျင်တီးနား လူငယ်တိုက်စစ်မှူး ဂါနာချို၊ ပေါင် ၇၂ သန်းတန် တိုက်စစ်မှူး ဟွိုင်လန်းနဲ့ ကွင်းလယ်လူ မိုင်နူးတို့ မပါဝင်ခဲ့ပါဘူး။

ဒါပေမဲ့ အဲဒီ ၃ ယောက်စလုံးဟာ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ ဝင်ပြီး ကစားခွင့် ရမှာဖြစ်ပါတယ်။

အဲဒါကတော့ လူငယ် ကစားသမားတွေနဲ့ ပတ်သက်လာရင် ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းသတ်မှတ် ချက်တစ်ခုကြောင့် ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အသင်းတိုင်းဟာ လက်ရှိ ဘောလုံးရာသီအတွက် ပြိုင်ပွဲဝင်မယ့် အပြီးသတ်လူစာရင်း ကစားသမား ၂၅ ယောက်စာရင်းကို ပေးပို့တဲ့နေရာမှာ နောက်ဆက်တွဲအနေနဲ့ ယူ-၂၁ ကစား သမားအမည်စာရင်းကိုလည်း တစ်ပါတည်း ပူးတွဲပြီး ပေးပို့ရပါတယ်။

ဒါပေမဲ့ အဲဒီလို ပေးပို့တဲ့နေရာမှာဆိုရင် အသင်းကြီး အပြီးသတ် လူစာရင်းမှာ နိုင်ငံ ရပ်ခြား ကစားသမား ၁၇ ယောက်ထက် ပိုနေလို့ မရပါဘူး။

ယူ-၂၁ အသင်းမှာ ဆိုရင်လည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နောက်ပိုင်း မွေးဖွားသူတွေအားလုံးကို လက်ရှိ ဘောလုံးရာသီအတွက် အကျုံးဝင်တယ်လို့ သတ်မှတ်ပါတယ်။

ဒါကြောင့် မန်ယူဟာ ဂါနာချို၊ ဟွိုင်လန်းနဲ့ မိုင်နူးတို့ကို နောက်ဆက်တွဲဖြစ်တဲ့ ယူ-၂၁ အသင်းစာရင်းထဲမှာပဲ ထည့်ပြီး ပေးပို့ခဲ့တာဖြစ်ပါတယ်။

အဲဒီ ယူ-၂၁ ကစားသမား တရားဝင် စာရင်းပေါက်ထားတဲ့ ကစားသမားတွေဟာ မန်ယူ အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကိုလည်း ဝင်ပြီး ကစားခွင့်ရှိတယ်လို့ ပရီးမီးယားလိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီက သတ်မှတ်ပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းဆီကို မန်ယူအသင်းကပေးပို့လိုက်တဲ့ ကစားသမား ၂၅ ယောက် စာရင်းမှာ ဂါနာချို၊ ဟွိုင်လန်းနဲ့ မိုင်နူးတို့ မပါခဲ့တာဘဲ ဖြစ်ပါတယ်။