ဂိုးပေါက်ရှေ့တင် မကဘဲ အပြင်မှာလည်း ဆက်လွဲနေသေးတဲ့ မန်ယူ တိုက်စစ်မှုး မာရှယ်
ဂိုးပေါက်ရှေ့ လွဲနေလေ့ရှိတဲ့ မန်ယူ တိုက်စစ်မှုး မာရှယ် တစ်ယောက် ယနေ့မနက် အသင်း လေ့ကျင့်ရေး ကွင်းကိုလည်း အချိန် မှားပြီး လာရောက်ခဲ့တာကြောင့် တစ်ကိုယ်ထဲ လေ့ကျင့်ရေးကွင်းအတွင်းမှ ပြန်လည် ထွက်ခွါသွားခဲ့ရကြောင်း သတင်းရရှိပါတယ်။
မန်ယူအသင်းဟာ ပုံမှန် ကြာသာပတေးနေ့တိုင်း လေ့ကျင့်ခန်း ဆင်းလေ့ရှိပေမယ့် ယခုတစ်ခေါက် နိုင်ငံတကာ ပွဲစဉ်တွေ ခံသွားခဲ့တာကြောင့် မာစီယဲလ်တစ်ယောက် အချိန်မှတ် လွဲမှားသွားခဲ့ရတာ ဖြစ်ပြီး အမှန်တကယ် နေ့လည်မှသာ အသင်းလေ့ကျင့်ခန်းအစီအစဉ်ကို အစပြုဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။

မာရှယ် ကတော့ မနက် ၉ နာရီ လေ့ကျင့်ခန်းဆင်း ရမယ်ဆိုတဲ့ အထင်နဲ့ ၈ နာရီ ၅၅ မိနစ်မှာ လေ့ကျင့်ရေးကွင်း အတွင်း လာရောက်ခဲ့တာဖြစ်ပြီး ကွင်းအတွင်း ဘယ်ကစားသမားမှ မတွေ့ခဲ့တာကြောင့် နောက်ထပ် ၄ မိနစ် အကြာမှာပဲ ၎င်းရဲ့ မာစီဒီးစ် ဂျီ ဝက်ဂွန် ကားနဲ့ လေ့ကျင့်ရေးကွင်းမှ ပြန်လည် ထွက်ခွါသွားခဲ့ရပါတယ်။
မန်ယူအသင်းဟာ ယခုလာမယ့် စနေမှာ ဘရိုက်တန်အသင်းနဲ့ အိမ်ကွင်းပွဲစဉ် ကစားဖို့ ရှိနေတာကြောင့် အသင်းရှိ ကစားသမားတွေနဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ ပုံမှန်ပြုလုပ်လျှက်ရှိပြီး အသင်းတွင်း ပြဿနာအချို့ကို ရင်ဆိုင်ဖြေရှင်း နေရတဲ့ အသင်းလည်း ဖြစ်ပါတယ်။
လက်ရှိရာသီ ဟော့ဂျ်လန်း ဒဏ်ရာရထားမှု အနေအထားကြောင့် မာရှယ် တစ်ယောက် ပွဲထွက်ခွင့် ရနေပေမယ့် နည်းပြပေးအပ်တဲ့ အခွင့်အရေးတွေကို ကောင်းကောင်း အသုံးမချနိုင်သေးပဲ ပြီးခဲ့တဲ့ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း ဟော့ဂျ်လန်းနဲ့ လူစားလဲခြင်း ခံခဲ့ရပါသေးတယ်။