အိုးထရက်ဖို့ဒ်မှာ ဆိုပေမယ့် မန်ယူက ဘရိုက်တန်ကို မနိုင်ဘူး ဟောကိန်းထုတ်လာတဲ့ ဆရာကြီး ပေါမာဆန်

နိုင်ငံပွဲတွေ အပြီး ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင်ချိန်မှာ မန်ချက်စတာ ယူနိုက်တက်က ဘရိုက်တန် အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန်၊ အိုးထရက်ဖို့ဒ် ကွင်းမှာ ဒီနှစ်သင်းက ယှဉ်ပြိုင် ကစားကြမှာပါ။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ ဒီပွဲ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းလာပါတယ်။

ပေါမာဆန် ခန့်မှန်းချက်

ဘရိုက်တန်လို ရင်ဆိုင်ရ ခက်ခဲတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဟာ မန်ချက်စတာ ယူနိုက်တက်အတွက် အိပ်မက်ဆိုးပဲ ဖြစ်ပါတယ်။

နည်းပြ တန်ဟက်မှာ ဖြေရှင်းရမယ့် ပြဿနာ အနည်းငယ် ရှိနေပြီး အန်တိုနီကို လူစာရင်းက ဖယ်ထုတ် ထားရတဲ့နောက် ဒီအပတ်ပွဲအတွက် တိုက်စစ်မှာ ဘယ်သူတွေကို ပွဲထုတ်မလဲ မြင်ရဖို့ဟာ စိတ်ဝင်စားစရာပါပဲ။

ပယ်လီစထရီ ပွဲထွက်နိုင်တယ်လို့ သိရပေမယ့် ရက်ဖိုဒ့်ကပဲ ဂနာချို၊ ဟွိုင်လန်းတို့နဲ့ တိုက်စစ်မှာ နေရာရလာမယ် ထင်ပါတယ်။ ဂနာချို ပွဲထွက်လူစာရင်းက ပါလာမှာကို ကျနော် သဘောကျပါတယ် ဒါပေမယ့် သူက ပြိုင်ဘက်တွေ ခြေကုန်လက်ပန်းကျနေချိန် လူစားဝင်လာရင် ပိုထိရောက်မှုရှိပြီး ပိုကောင်းပါတယ်။

ဒီအပတ်တွေမှာ တန်ဟက်နဲ့ ထိပ်တိုက်တွေ့ထားတဲ့ ဆန်ချိုရဲ့ အနာဂတ်ကလည်း သတင်းကြီးတွေ ဖြစ်နေတယ်။ အိုးထရတ်ဖိုဒ့်မှာ ဆန်ချိုရဲ့ အနာဂတ်က ပြီးသွားပြီလို့ ပြောနေကြပေမယ့် ကျနော်ကတော့ မထင်ပါဘူး။

အခုကနေ ဇန်နဝါရီအတွင်း အပြောင်းအလဲတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဆန်ချိုက ကြိုးစားနိုင်မယ်ဆိုရင် နည်းပြရဲ့ ပလန်တွေထဲ ပြန်ပါလာနိုင်ပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက် ၂-၂ ဘရိုက်တန်