ကိစ္စသေးသေးလေးတွေကြောင့် မန်ယူ ရှုံးခဲ့ရကြောင်း ဘရိုက်တန်နဲ့ ပွဲ အပြီး ဖြေရှင်းချက်ပေးသွားတဲ့ နည်းပြ တန်ဟက်

မနေ့ညက အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်ကို ၃-၁ နဲ့ ရှုံးခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ သူ့ အသင်း ကစားတာ ကောင်းခဲ့တယ် ဆိုပြီး ဆင်ခြေတွေ ပေးလာပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘရိုက်တန်ကို နည်းစနစ်ပိုင်းအရ မယှဉ်နိုင်ခဲ့ဘဲ ဘောလုံး ကိုင်ကစားခွင့်ရပေမယ့် ဒါကပဲ ပြိုင်ဘက်ကို ကောင်တာ-တိုက်စစ် အခွင့်အရေးတွေ လုပ်ခွင့်ပေးခဲ့ရတာပါ။ ဒီပွဲဟာ နည်းပြတန်ဟက်က ဒီဇာဘီကို နည်းစနစ်ပိုင်းအရ အရေးနိမ့်ခြင်းလို့ သုံးသပ်မှုတွေရခဲ့ပါတယ်။

ဒါပေမယ့် နယ်သာလန်သား နည်းပြကတော့ သူတို့ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး margins သေးသေးလေးတွေနဲ့ သီသီလေး အလွဲ တွေကြောင့် ဒီပွဲကို အရေးနိမ့်ခဲ့တာလို့ ဆိုပါတယ်။

နည်းပြတန်ဟက်က ” ကျနော်တို့ စိတ်ပျက်ရတယ်။ ဒီရလဒ်ထွက်ခဲ့တာ သီသီလေးလွဲသွားတဲ့ ကိစ္စ သေးသေးလေး တွေကြောင့်ပါ။ အသင်းကောင်းတစ်သင်းကို ကျနော်တို့ အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့ပြီး ပွဲအစ မိနစ် ၂၀ မှာ ကျနော်တို့ အပိုင်စား ကစားနိုင်ခဲ့တယ်။

အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဘရိုက်တန်ရဲ့ ပထမဆုံး ထိုးဖောက်ချက်ကနေ ဂိုးပေးခဲ့ရတယ်။ အဲ့နောက်ပိုင်း ခက်ခဲခဲ့ပြီး ဂိုးပြတ်ရအောင် ကြိုးစားနိုင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ တကယ်ကို ခက်ခဲတဲ့ အခိုက်အတန့်ပါပဲ။

ကျနော်တို့ ပြိုလဲနေတာ မဟုတ်ပါဘူး။ ပြန်ပြီး တုန့်ပြန် ကြိုးစားနိုင်တယ်။ ကျနော်တို့ အသင်းအနေနဲ့ စုစုစည်းစည်း ရှိနေမယ် စည်းကမ်းတကျ လိုက်နာ ကစားကြမယ် ဆိုရင် ပြန်လာနိုင်မှာပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒီ ရာသီအဖွင့် ၅ ပွဲ ကစားထားရာမှာ ၂ ပွဲနိုင် ၃ ပွဲရှုံး ထားတာကြောင့် မန်ယူအသင်းဟာ အမှတ်ပေးဇယား အဆင့် 13 မှာ ရှိနေပါတယ်။