ရော်နယ်ဒို ကို ခေါ်ခဲ့တာ မှားသွားတယ် လို့ ဝန်ခံ နောင်တရစကား ဆိုလာတဲ့ မန်ယူနည်းပြဟောင်း ဆိုးလ်ရှား

မန်ယူနည်းပြဟောင်း ဆိုးလ်ရှားကတော့ မန်ချက်စတာကလပ်ကို သူ ကိုင်တွယ်စဉ်က စီရော်နယ်ဒိုကို ခေါ်ယူခဲ့တာဟာ မှားယွင်းခဲ့ကြောင်း နောက်ဆုံးလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုဝန်ခံလိုက်ပါတယ်။

သူ့လက်ထက် ကစားသမားတွေရဲ့အတ္တကြီးမှုက သူအထုတ်ခံရဖို့ ဖြစ်စေကြောင်းလည်း ဆိုးလ်ရှားက ပြောဆိုခဲ့တာပါ။

နော်ဝေသား နည်းပြ ဟာ ၂၀၁၈ ဒီဇင်ဘာ ၁၉ ကနေ ၂၀၂၁ နိုဝင်ဘာ ၂၁ အထိ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့မန်ယူနည်းပြဘဝ နောက်ဆုံးပွဲက ဝက်ဖို့ဒ်ကို ၄-၁ နဲ့ ရှုံးခဲ့တဲ့ပွဲပါ။

၂၀၂၁ နွေရာသီမှာ အဲဒီအချိန်က ၃၅ နှစ်အရွယ် စီရော်နယ်ဒိုဟာ တစ်ကျော့ပြန်အဖြစ် မန်ယူကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒို ဟာ နယူးကာဆယ်ကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ သူ့ ပထမဆုံးပွဲမှာလည်း ခြေစွမ်းပြ ၂ ဂိုး သွင်းခဲ့တာပါ။

ဒါပေမဲ့ စီရော်နယ်ဒိုရောက်လာတာကြောင့် ဆိုးလ်ရှားရဲ့အသင်းဟာ ဟန်ချက်ညီမှုမရှိတော့သလို ဖြစ်သွားပါတယ်။

” စီရော်နယ်ဒိုခေါ်ခဲ့တာဟာ ပယ်ချဖို့ အရမ်းကို ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုပါ။ ခေါ်ကိုခေါ်ရမှာလို့ ကျွန်တော် ခံစားခဲ့မိပေမယ့် အဲဒါက မှားယွင်းသွားခဲ့ပါတယ်။

သူရောက်လာချိန်မှာ အရမ်းမှန်တာပဲလို့ ကျွန်တော်ခံစားရသလို အိုးလ်ထရက်ဖို့ဒ်က ကာဆယ်နဲ့ပွဲမှာလည်း ပရိသတ်တွေက အဲဒီလိုခံစားမိကြမှာပါ။ အဲဒီအချိန်က သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂိုးသွင်းသူ တစ်ယောက် ဖြစ်နေဆဲပါပဲ”လို့ ဆိုးလ်ရှားက ဆိုခဲ့တာပါ။

ဒါပေမဲ့ အောက်တိုဘာနှောင်းပိုင်းရောက်တော့ မန်ယူဟာ အိုးလ်ထရက်ဖို့ဒ်မှာ လီဗာပူးကို ၅-၀ နဲ့ရှုံးခဲ့ပြီး အဲဒီနောက်ပိုင်း စပါကိုနိုင်တာတောင် မန်စီးတီးနဲ့ ဝက်ဖို့ဒ်တို့ကို ဆက်တိုက်ရှုံးခဲ့တာက ဆိုးလ်ရှားရဲ့ကံကြမ္မာကို အဆုံးအဖြတ်ဖြစ်စေခဲ့ပါတယ်။

”ပွဲစဉ်ဇယားကြည့်တော့ အဆုံးအဖြတ်အချိန်ဖြစ်တော့မယ်လို့ တွေးမိပါတယ်။ အခြေအနေတွေက ကိုယ့်ဘက်မပါချိန်မှာ တချို့ ကစားသမားတွေကလည်း အတ္တတွေကြီးခဲ့ကြပါတယ်။ စပါးကို အဝေးကွင်း ၃ ဂိုးပြတ်နိုင်ခဲ့ပေမယ့် အဲဒီနောက် ကျွန်တော်တို့ ၂ ပွဲဆက်ရှုံးခဲ့တာပါ”လို့ ဆိုးလ်ရှားက ဆက်လက်ပြောကြားခဲ့တာပါ။