ရလဒ် မကောင်းခဲ့ အကြိတ်အနယ် ရှိပြီး ဂိုးပေါ်သွားခဲ့တဲ့ ဘိုင်ယန် ၄-၃ မန်ချက်စတာ ယူနိုက်တက် ပွဲ ဘယ်လိုတွေ ကန်ခဲ့ကြသလဲ

မန်ချက်စတာ ယူနိုက်တက်ရဲ့ မနေ့ညက ချန်ပီယံလိဂ် အုပ်စုပွဲ အဝေးကွင်း ပွဲစဉ်ကတော့ ဘိုင်ယန်ကို ၄-၃ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

ပထမပိုင်းမှာတင် ၂ ဂိုး ပေးခဲ့ရတဲ့ မန်ယူ အသင်းဟာ ဒုတိယပိုင်းမှာ ပြန်ကောင်းကာ ဂိုးတွေ သွင်း ချေပခဲ့ပေမယ့် ပွဲကိုတော့ အနိုင်မရတော့ဘဲ ရှုံးပွဲတွေ့ခဲ့ရတာပါ။

ဧည့်သည် မန်ချက်စတာယူနိုက်တက် က ဒီပွဲမြှ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ လင်ဒီလော့ဖ်၊ မာတီနက်ဇ်၊ ဒါလော့နဲ့ ရက်ဂီလွန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပယ်လစ္စထရီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို တွဲဖက်ပေးခဲ့တာပါ။

ဘိုင်ယန်ရဲ့ ဂိုးသမားနေရာမှာ အူးလ်ရိတ်ချ်ကို သုံးနေခဲ့ရတာကတော့ အားနည်းမှုဖြစ်ခဲ့ပြီး မန်ယူတို့ရဲ့ ဂဂျောင်တိုင်ပတ် အိုနာနာနဲ့ နင်လားငါလားပဲဖြစ်နေခဲ့တာက ပြဿနာဖြစ်ခဲ့ပြီး ဒါကြောင့်လည်း ဒီပွဲကဂိုးပေါ်သွားခဲ့ရတာဖြစ်ပါတယ်။

မန်ယူတို့ ကစားပုံ သိပ်မကောင်းလှဘူးဆိုပေမယ့် အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကတော့ သူတို့အသင်းသားတွေထက် ခေါင်းတစ်လုံး မြင့်သူတွေဖြစ်ကြပြီး ဘိုင်ယန်ကို သူတို့ရဲ့ အတွေ့အကြုံတွေကနေ ခြိမ်းခြောက်သွားနိုင်ခဲ့သလို ကွင်းလယ်အဖျက် ကာစီမီရိုကလည်း ဒီနေ့ပွဲမှာ ညှစ်ရုန်းခဲ့လို့ ဘိုင်ယန်တို့ အခက်တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာ ဘိုင်ယန်တို့ အဖွင့်ဂိုးကို ဆာနေး၊ အဲဒီနောက် ငါးမိနစ်အတွင်း ပွဲချိန် ၃၂ မိနစ်မှာ အာဆင်နယ်ကစားသမားဟောင်း ဂနာဘရီက ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းကာ ဒုတိယဂိုး ရယူသွားပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းလုံး ခံစစ်တွေက အကောင်းဆုံး အနေအထားမှာ ရှိမနေသလို ဘိုင်ယန်ညာခြမ်းက လိုင်မာက အဆင့်အတန်း မမီဘူးလို့ပဲ ဆိုရမယ့်အချိန်မှာ မန်ယူတို့ရဲ မာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်တို့ အတွဲကလည်း နားလည်မှု ညံ့ဖျင်းခဲ့ပြီး ပထမပိုင်းမှာတော့ အိမ်ရှင် ဘာဗေးရီးယားသားတွေ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ မန်ယူတို့အတွက် ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ဘိုင်ယန်ခံစစ်အမှားကနေ ကာစီမီရိုက ဧရိယာထဲကို ချပေးရာမှာ ရက်ရှ်ဖို့ဒ်က မကန်ဘဲ ဘေးကို ချိုးပေးတဲ့ ဘောလုံးကို ဟွိုင်လန်းက ကန်သွင်းခဲ့ရာမှာ ပိတ်ထားတဲ့ ဂင်မင်းဂျယ်ရဲ့ ခြေထောက်နဲ့ထိပြီး လမ်းကြောင်း အနည်းငယ်ပြောင်းသွားခဲ့လို့ ဂိုးသမား အူးလ်ရိတ်ချ် မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၅၃ မိနစ်မှာတော့ ဘိုင်ယန်တို့ တတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပါတယ်။ ဒီဂိုးကတော့ ပင်နယ်တီကနေ ဟာရီကိန်းက ဘယ်ဘက်တိုင်ခြေကို အပြင်းကန်ပြီး ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်တို့ဘက်က ဂနာဘရီ၊ မူစီယာလာ၊ ဆာနေးနဲ့ ဟာရီကိန်းတို့အစား ကိုမွန်၊ ချူပို-မိုတင်း၊ တဲလ်နဲ့ မူလာတို့ကို လဲကစားသွားခဲ့သလို မန်ယူတို့ဘက်ကတော့ အရန်ခုံမှာလည်း လူသိပ်မပါလို့ အဲရစ်ဆန်၊ ပယ်လစ္စထရီနဲ့ ဟွိုင်လွန်းတို့အစား မက်တော်မီနေး၊ ဂါနာချိုနဲ့ မာစီယယ်လ်တို့ သုံးဦးကိုပဲ ထည့်သွင်းခဲ့ရတာပါ။

အဲဒီနောက်မှာတော့ မန်ယူတို့ အပြိုင်အဆိုင် ကစားလာနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ပွဲချိန် ၈၈ မိနစ်မှာတော့ မန်ယူတို့ ဒုတိယချေပဂိုး ထပ်မံရရှိနိုင်ခဲ့ပါတယ်။

ဒီဂိုးကိုတော့ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်တို့ရဲ့ တွဲလုံးကနေ ဧရိယာထဲမှာ ရသွားတဲ့ ကာစီမီရိုက ပထမကန်ချက်မှာ ဘောလုံးတက်နင်းမိပြီး လဲကျသွားတာကို လဲနေတဲ့ အနေအထားကနေ ဘယ်ခြေနဲ့ အလျင်အမြန် ကန်သွင်းနိုင်ခဲ့လို့ ဂိုးသမား အူးလ်ရိတ်ချ် မကာကွယ်နိုင်ဘဲဖြစ်သွားခဲ့တာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ စတုတ္ထဂိုးကို ဘိုင်ယန်တို့ ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လူငယ်တိုက်စစ်မှူး တဲလ်က ပြေးထွက်ပြီး အိုနာနာနဲ့ အနီးကပ် ကန်သွင်းယူသွားခဲ့တာကြောင့် လေးဂိုး-နှစ်ဂိုးဖြစ်နေခဲ့ပါတယ်။

နာကျင်အချိန်ပို ၅ မိနစ်မှာတော့ မန်ယူတို့ တတိယဂိုးကို တိုက်ပွဲဝင်နိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ရတဲ့ ဖရီးကစ်ကို ဘရူနို ဖာနန်ဒက်စ်က ဂိုးထဲကို တိုက်ရိုက်ကန်သွင်းခဲ့ရာမှာ ဘိုင်ယန်ခံစစ်ကြားမှာ နေရာယူထားခဲ့တဲ့ ကာစီမီရိုက ပိတ်သွင်းနိုင်ခဲ့လို့ ပွဲချိန်အပြည့်မှာတော့ လေးဂိုး-သုံးဂိုးနဲ့ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။