သူ့ အမှားကြောင့် ဘိုင်ယန်ကို မန်ယူ ရှုံးတာ လို့ အထပ်ထပ် ဝန်ခံစကားတွေ ဆိုသွားတဲ့ ဂိုးသမား အိုနာနာ
မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာက ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် မိမိမှာအပြစ်ရှိကြောင်းနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ကောင်းမွန်တဲ့ ကစားသမားဘဝ စတင်မှုမဖြစ်ခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
အိုနာနာဟာ ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား လီရွိုင် ဆာနေးရဲ့ အားမပါလှတဲ့ကန်ချက်ကို တားဆီးရာမှာ ဟန်ချက်ပျက်ပြီး လဲကျခဲ့တာကြောင့် ယူနိုက်တက်တို့ အဖွင့်ဂိုးပေးခဲ့ရပါတယ်။ ထို့နောက်ပွဲအပြီးမှာတော့ ၄-၃ နဲ့ရှုံးနိမ့်ခဲ့တာကြောင့် အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ ၃ ပွဲဆက်အရှုံးကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
အိုနာနာက” ကျွန်တော်တို့ အကောင်းဆုံးစတင်နိုင်ခဲ့ပေမယ့် ကျွန်တော်အမှားလုပ်ပြီးတဲ့နောက်မှာတော့ ပွဲကိုထိန်းချုပ်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါက ကျွန်တော့်အတွက် …

ခက်ခဲတဲ့အခြေအနေတစ်ခုပါ။ ကျွန်တော်က အသင်းကိုဆွဲချခဲ့မိတာပါ။ ဒီပွဲကိုရှုံးနိမ့်ခဲ့တာကျွန်တော့်ကြောင့်ပါ။ ဂိုးသမားတစ်ယောက်ရဲ့ ဘဝက ဒီလိုပါပဲ။ ကျွန်တော်တို့ ဆက်သွားနေဦးမှာပါ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အိုနာနာက “သူတို့ ဘာအခွင့်အရေးမှ မဖန်တီးနိုင်ခင်မှာ ကျွန်တော့်အမှားကြောင့် ဂိုးရသွားတော့ ကျွန်တော်တို့အသင်းက စိတ်ဓာတ်ကျသွားခဲ့ပါတယ်။ ကျွန်တော်တို့အဆုံးထိ တိုက်ပွဲဝင်ခဲ့ပေမယ့် အနိုင်မရရှိခဲ့တာ ကျွန်တော့်ကြောင့်ပါ။
ကျွန်တော့်ကိုယ် ကျွန်တော် သက်သေပြဖို့အများကြီး လိုအပ်ပါသေးတယ်။ ဒီအသင်းနဲ့စတင်မှုက လိုချင်တဲ့ ပုံစံအတိုင်းဖြစ်မလာခဲ့ပါဘူး။ ဒါက ကျွန်တော့်အတွက်ခက်ခဲတဲ့ အချိန်ဖြစ်ပြီး အမှားတွေကနေ သင်ခန်းစာယူရပါမယ်။ ဒီရှုံးပွဲက ကျွန်တော့်ရဲ့တာဝန်ပါ။ ကျွန်တော့်ကြောင့်ရှုံးခဲ့တာပါ။ အမှားတွေကနေ သင်ခန်းစာယူသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
အိုနာနာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အင်တာမီလန်မှ ယူနိုက်တက်သို့ ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး အိုးလ်ထရက်ဖို့ဒ် အသင်းနဲ့အတူ ခက်ခဲတဲ့ ရာသီစတင်မှုကို ဖြတ်သန်းနေရတာဖြစ်ပါတယ်။
ကင်မရွန်းလက်ရွေးစင် ဂိုးသမားဟာ နော်တင်ဟမ်ဖောရက်စ်၊ အာဆင်နယ်၊ ဘရိုက်တန်တို့နဲ့ပွဲစဉ်တွေ ခွင့်ပြုပေးခဲ့ရတဲ့ဂိုးတွေကြောင့်လည်း ပြစ်တင်ဝေဖန်မှုတွေခံနေရပါတယ်။