မန်ယူအသင်း အခြေအနေကို စိတ်မဝင်စားဘဲ ဘန်လေ တိုက်စစ်ကို ယုံတယ် စိန်ခေါ်လာတဲ့ နည်းပြ ကွန်ပနီ
ဒီတပတ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ကြရမယ့် ပွဲစဉ်မတိုင်မီတွင် ဘန်လေအသင်းရဲ့ နည်းပြ ကွန်ပနီက မန်ယူအသင်း အခြေအနေ ကို စိတ်မဝင်စားဘဲ သူ့အသင်း တိုက်စစ်ကို ယုံကြည်မှု ရှိကြောင်း ပြောဆိုလာပါတယ်။
ယခုနှစ်ဘောလုံးရာသီအတွင်း ရလဒ်ပိုင်း သိသိသာသာ အားနည်းနေတာကြောင့် ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ယူနိုက်တက်အသင်းရဲ့ အကြပ်အတည်းတွေကို ကွန်ပနီကတော့ ထည့်တွက် မနေဘဲ လျစ်လျှူရှုထားတယ် လို့လည်း ဆိုပါတယ်။

နည်းပြ တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ဥရောပအင်အားကြီးကလပ်အသင်းအဖြစ် ဦးမော့နိုင်ရေး ပြုပြင် တည်ဆောက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းတွင်း ကွင်းအပြင် ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေတဲ့ အပေါ် စနေနေ့ညမှာ ထိပ်တိုက်ကစားရမယ့် ဘန်လေအသင်းရဲ့ နည်းပြ ဖြစ်သူ ကွန်ပနီက စိတ်မဝင်စားလှပါဘူး။
ဘန်လေအသင်း နည်းပြ ကွန်ပနီက
“ယူနိုက်တက်အသင်း ကြုံတွေ့နေရတဲ့ အခြေအနေတွေထက် ကိုယ့်အသင်းကစားသမားတွေရဲ့ အားနည်းချက်နဲ့ အားသာချက်တွေ အပေါ်မှာသာ အာရုံစိုက်ထားပါတယ်”
“နည်းပြ ဘဝမတိုင်ခင်က ကျွန်တော်လည်း ကလပ်အသင်းကြီးတစ်ခုအတွက် ကစားပေးခဲ့ဖူးပါတယ်။ ကလပ် အသင်းကြီးတွေ ဆိုတာက ၂ ပွဲလောက် ရှုံးပြီဆိုတာနဲ့ ဖိအားတွေ အစုလိုက်အပြုံလိုက် ဝင်လာတတ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အခြအနေတွေထက် ကွင်းအတွင်းမှာ ဘယ်လို ယှဉ်ပြိုင် ကစားသွားနိုင်မလဲဆိုတဲ့အပေါ်မှသာ အာရုံ စိုက်ထားပါတယ်”
“ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်ကစားပုံအပေါ် ယုံကြည်မှုရှိတဲ့အပြင် စနေနေ့မှာ ဒီအရည်အသွေးတွေကို ပြသနိုင်ဖို့ စိတ်ကူးထားပါတယ်”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။