ဒဏ်ရာတွေ များလာတဲ့ မန်ယူ ကစားသမားတွေ အတွက် အာဆင်နယ် အသင်း ဆရာဝန်ကို ခေါ်လိုက်ပါပြီ

မန်ချက်စတာယူနိုက်တက်အသင်း ဟာ အမျိုးသား၊ အမျိုးသမီးနဲ့ အကယ်ဒမီအသင်းတွေရဲ့ ဆေးအဖွဲ့အကြီးအကဲအဖြစ် အာဆင်နယ် အသင်း ဆရာဝန်ဖြစ်သူ ဂယ်ရီအိုဒရီစကိုးလ်ကို တရားဝင် ခန့်အပ်လိုက်ပါတယ်။

အိုဒရီစကိုးလ်ဟာ အာဆင်နယ်အသင်းမှာ (၁၄)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အခု မန်ချက်စတာ ယူနိုက်တက် အသင်းထံကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကစားသမားတွေဟာ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတာကြောင့် အသင်းဆေးအဖွဲ့ စွမ်းဆောင်ရည် အပေါ် ဝေဖန်သံတွေထွက်ပေါ်လာတဲ့အတွက် …

တာဝန်ရှိသူတွေက အဲဒီပြဿနာကို ဖြေရှင်းဖို့ အိုဒရီစကိုးလ်ကို ခေါ်ယူခဲ့တာပါ။

ယူနိုက်တက် အသင်းမှာ ကစားသမား(၁၂)ဦးအထိ ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရပြီး ဘိုင်ယန်မြူးနစ်ကို (၄-၃)ဂိုးနဲ့ရှုံးတဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့ကြပါတယ်။

ယူနိုက်တက်အသင်းရဲ့ သက်တော်ရှည် ဆရာဝန်ဖြစ်သူ မက်နယ်လီဟာ ပြီးခဲ့တဲ့ရာသီကတည်းက အသင်းနဲ့ လမ်းခွဲဖို့ သဘောတူညီခဲ့ပေမယ့် သူ့နေရာ အစားဝင်မယ့်သူမရှိသေးတာကြောင့် ယာယီအဖြစ် တာဝန်ယူနေပါတယ်။

အခုအချိန်မှာတော့ မက်နယ်လီဟာ (၁၇)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ လမ်းခွဲမှာဖြစ်ပြီး သူ့နေရာကို အိုဒရီစကိုးလ်က အစားဝင်မှာဖြစ်ပါတယ်။

အိုဒရီစကိုးလ်ဟာ အာဆင်နယ်အသင်းမှာ အရေးပါတဲ့သူတစ်ဦးဖြစ်ပြီး All or Nothing documentary ထဲမှာ ပါဝင်ခဲ့သလို နည်းပြအာတီတာနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကို ဆေးပညာနဲ့ပတ်သက်လို့ briefings ပေးတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

အိုဒရီစကိုးလ်ဟာ အာဆင်နယ်မှာ ဆရာဝန်အဖြစ် တာဝန်ယူခဲ့ရပေမယ့် သူက ယူနိုက်တက်အသင်းရဲ့ အမာခံ ပရိသတ်တစ်ဦးဖြစ်ပြီး အခု ယူနိုက်တက်အသင်းမှာ လုပ်ပိုင်ခွင့် ဘယ်လောက်အထိရမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

ယူနိုက်တက်အသင်းဟာ ဒဏ်ရာပြဿနာတွေအပါအဝင် ကွင်းတွင်း၊ ကွင်းပြင်အရှုပ်အထွေးတွေကြောင့် ခြေစွမ်းနဲ့ရလဒ်ပိုင်း ကျဆင်းနေပြီး ပရီးမီးယားလိဂ်(၅)ပွဲကစား၊ (၃)ပွဲအထိ ရှုံးနိမ့်ခဲ့တဲ့အတွက် အိုဒရီစကိုးလ်အနေနဲ့ ယူနိုက်တက် ကစားသမားတွေ ဒဏ်ရာ ထပ်မရအောင်၊ အမြန် သက်သာလာကြအောင် စီစဉ်ဆောင်ရွက်ပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။