၅ ပွဲ ၁၄ ဂိုး ပေးထားရတဲ့ ခံစစ်ကို သူ တစ်ယောက်တည်း မဖြေရှင်းနိုင်ဘူး ပြောလာတဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က လက်ရှိခံစစ်ပိုင်းဆိုးရွားမှုပြဿနာအတွက် သူလည်း မရှင်းပြနိုင်သေးပါဘူးလို့ ပြောလာခဲ့ပါတယ်။

တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ငါးပွဲအတွင်း ပေးဂိုး၁၄ဂိုးအထိ ရှိခဲ့သလို ချန်ပီယံလိဂ်ပွဲမှာလည်း ဘိုင်ယန်မြူးနစ်ကို သုံးဂိုးသွင်းနိုင်တာတောင် ရှုံးခဲ့ပြီး အမှတ် မရခဲ့ပါဘူး။

မန်ယူ အသင်းရဲ့ ခံစစ် ပိုကောင်းလာနိုင်မလား ဆိုတဲ့ အခြေအနေ အပေါ်တန်ဟတ်က ..

“ကျွန်တော်တို့ မနှစ်က ပရီးမီးယားလိဂ်မှာ ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်ထားနိုင်ခဲ့ပြီး အခုလည်း အဲ့ဒီအဆင့်အတန်းကို ပြန်သွားနိုင်ဖို့ လိုပါတယ်။ အခုလည်း ရာသီအစကတည်းက ကျွန်တော်အသင်းကို တွန်းအားပေးနေပေမယ့် သူတို့က စက်ရုပ်တွေ မဟုတ်ကြပါဘူး။

ဒါကြောင့် ကျွန်တော် ဒီပြဿနာကို အဖြေရှာနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီအကြောင်းဟာ ကစားသမား ၁၁ ယောက်လုံး နဲ့ သက်ဆိုင်ပါတယ်။

ပြီးတော့ ကျွန်တော့်အသင်းဟာ တိုက်စစ်ဆင်တဲ့အခါ ကစားသမား ၁၁ ယောက် လုံးနဲ့တိုက်စစ်ဆင်သလို ၊ ခံစစ် ကစားတဲ့အခါမှာလဲ ၁၁ ယောက်လုံးနဲ့ခံစစ်ကစားတဲ့အကြောင်း ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ။

ကစားသမား ၁ ယောက် ဒါမှမဟုတ် ၂ ယောက် လောက်ကသာ သူတို့ရဲ့အလုပ်ကိုမလုပ်ခဲ့ရင် အသင်းရဲ့ကစားပုံက ထင်သလောက် အဆင်မပြေပါဘူး။ ဒါကြောင့် အသင်းရဲ့ကစားပုံတိုးတက်လာဖို့ဆိုတာဟာ ကစားသမား တစ်ယောက် ၂ ယောက် တင်မဟုတ်ပါဘူး တစ်သင်းလုံးကို လိုအပ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။