ဂျွန်နီ အီဗန်စ် ရဲ့ သမ္ဘာနဲ့ ထူးချွန်မှုကို ချီးကျူးသွားပြီး ဘန်လေနိုင်ပွဲအပေါ် ကြည်နူးသဘောကျနေတဲ့ သရဲနီ ဂန္တဝင်ကြီး ရီယို ဖာဒီနန်

တကျော့ပြန် မန်ချက်စတာ ယူနိုက်တက်နောက်ခံလူ ဂျွန်နီအီဗန်စ်ဟာ မနေ့ညက ဘန်လေကို ဝ-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲမှာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အခု နိုင်ပွဲကြောင့်လည်း ယူနိုက်တက်တို့ (၃) ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်နည်းပြ တန်ဟက်က အသင်းရဲ့ အဓိကနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ပွဲထွက် ကစားသမားစာရင်းမှာ အသက် (၃၅) နှစ်အရွယ် အီဗန်စ်ကို ပြန်လည် အသုံးပြုခဲ့ရပါတယ်။

မနေ့ညက ဘန်လေနဲ့ပွဲမှာတော့ အီဗန်စ်က အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အီဗန်စ်က ရီဂွယ်လွန်ရဲ့ ထောင့်ကန်ဘောကတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့သေးပေမယ့် VAR နဲ့ ပယ်ဖျက် ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။

ပွဲစဉ် အကောင်းဆုံး ကစားသမား ဆု ကို အနိုင်ဂိုး သွင်းခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်က ရရှိခဲ့ပေမယ့် ပေါ်တူဂီသားက အီဗန်စ်အား ပြန် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အီဗန်စ်ရဲ့ မန်ယူ အသင်းဖော်ဟောင်းကြီး ဖြစ်တဲ့ ရီယို ဖာဒီနန်ကတော့ ပွဲအပြီးမှာ အခုလို မနေနိုင်စွာ ထုတ်ဖော် ချီးကျူးလာရပါတယ်။

” ဒီပွဲမှာ ဂျွန်နီအီဗန်စ် က ခံစစ်တန်းမှာ လုံးဝ ထူးချွန်ခဲ့တယ် လို့ ကျွန်တော် ထင်တယ်။ သူ့ နောက်တန်းကို လုံးဝ စေးစေးပိုင်ပိုင် ကိုင်ထားခဲ့တယ်။ သူ့ရဲ့ အတွေ့အကြုံနဲ့ ဦးဆောင်နိုင်စွမ်းကိုလည်း ပြသွားခဲ့တယ်။

ရသွားတဲ့ ဂိုးမှာလည်း သူ ပါဝင်ခဲ့တယ်။ ဖာနန်ဒက်စ် ဆီကလည်း အသင်းခေါင်းဆောင် ပီသမှုတွေ မြင်ခဲ့ရတယ်။ ဒါတွေက ဒီနေ့ပွဲမှာ ကြည်နူးစရာပဲ။ ” လို့ ဖာဒီနန်က ပြောဆို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

အီဗန်စ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ယူနိုက်တက်ကို တစ်ကျော့ပြန် ရောက်ရှိလာတဲ့ ကစားသမားပါ။ ကနဦးမှာ နွေရာသီကာလအတွင်း ပူးပေါင်းလေ့ကျင့်ဖို့သာ ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ တစ်ရာသီ စာချုပ်ချုပ်ဆို ဖြစ်ခဲ့ပါတယ်။