ဘန်လေနဲ့ ပွဲမှာ မန်ယူ ကစားပုံ ကောင်းတယ်လို့ အားရနေတဲ့ ဘရူနို၊ အသင်းဖော် အီဗန်စ်ကိုလည်း ချီးကျူး

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဘန်လေကို ဝ-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းဟာ အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်လို့ ပြောကြားလာခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ ယခုအခါ ဖာနန်ဒက်စ်ရဲ့ မြေမကျကန်ချက် သွင်းဂိုးနဲ့အတူ ၃ ပွဲဆက်ရှုံးနိမ့်မှုမှ ပြန်လည် ရုန်းထွက် လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဖာနန်ဒက်စ်က “ပြီးခဲ့တဲ့ပွဲတွေမှာ ခက်ခဲတဲ့အခိုက်အတန့်တွေရှိခဲ့ပေမယ့် ဒီပွဲကနေ အကောင်းဆုံး ပြန် လာနိုင်မယ် ဆိုတာ ယုံကြည်ချက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့အသင်းမှာကောင်းမွန်တဲ့ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်တွေ ရှိပါတယ်။

ကျွန်တော်တို့ ကံဆိုးတဲ့ အခိုက်အတန့်တွေနဲ့ ကြုံခဲ့ရပေမယ့် အကောင်းမွန်ဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ယခုရာသီမှ ထိပ်တန်းဘောလုံးလောသို့ ပြန်လည်ဝင်ရောက်လာပြီး နိုင်ပွဲရရှိဖို့ကြိုးစားနေတဲ့ ဘန်လေကြောင့် ယူနိုက်တက်တို့ အနေနဲ့ ယှဉ်ပြိုင်ရတာအလွန်ခက်ခဲခဲ့ကြောင်းကို ပေါ်တူဂီသားက –

“ဘန်လေက အကောင်းဆုံးပုံစံနဲ့ အရည်အသွေးကောင်းတွေကိုပြသခဲ့လို့ ကျွန်တော်တို့ ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။ ဒါကြောင့် ဒီပွဲက လွယ်လွယ်ကူကူ အနိုင်ရရှိခဲ့တဲ့ပွဲမဟုတ်ပါဘူး။ ရရှိခဲ့တဲ့အနိုင် ၃ မှတ်အတွက်ပျော်ရွှင်ပါတယ်။ ဒီအမှတ်တွေက ကျွန်တော်တို့ကို ခွန်အားတွေပေးနိုင်မယ် လို့လည်း မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဖာနန်ဒက်စ်ဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ယူနိုက်တက်အတွက် ပထမဆုံးအကြိမ် ပြန်လည် ပွဲထွက် ပါဝင်ခွင့်ရရှိခဲ့ပြီး အသင်းရဲ့ Clean Sheet ရရှိခဲ့မှုမှာ အကောင်းဆုံး ပံ့ပိုးကူညီနိုင်ခဲ့တဲ့အသက်-၃၅ နှစ် အရွယ်မြောက်အိုင်ယာလန်လက်ရွေးစင်ကစားသမား နောက်ခံလူ ဂျွန်နီအီဗန်စ်ကိုလည်း ချီးကျူးပြောဆိုခဲ့ပါတယ်။

ပထမပိုင်းမှာ အီဗန်စ်ရဲ့ခေါင်းတိုက်ချက် ဂိုးဝင်ခဲ့‌သော်လည်း VAR နဲ့ပြန်လည်စစ်ဆေးခဲ့ပြီး ဂိုးအဖြစ်မှ ပြန်လည် ပယ်ဖျက်ခဲ့တာကြောင့် ယူနိုက်တက်တို့ နစ်နာ‌ခဲ့ရသော်လည်း နောက်ခံလူဟာ ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးကို အကောင်းဆုံး ဖန်တီးပေးပို့နိုင်ခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်စ်က “အဲဒါက တကယ်ကိုကောင်းမွန်တဲ့ ပေးပို့မှုတစ်ခုဆိုတာ သိသာပါတယ်။ သူက ခြေထောက် နှစ်ဖက်စလုံးကို အကောင်းဆုံးအသုံးပြုနိုင်ပြီး အရည်အသွေးကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်ပါ။

ပြီးတော့ သူက ဒီလိုဖြတ်တင်ဘောတွေပေးပို့နိုင်တယ်ဆိုတာ သိထားခဲ့လို့ သူ့ရဲ့ ပေးပို့မှုကို စောင့်မျှော်နေခဲ့တာပါ။ ဘန်လေက နေရာလွတ်တွေပေးခဲ့ပေမယ့် သူတို့ရဲ့ကောင်းမွန်တဲ့နောက်တန်းကစားပုံကြောင့် အခွင့်အရေး ရရှိဖို့ ခက်ခဲခဲ့ပါတယ်။

ဒါကြောင့် အီဗန်စ်ရဲ့ပေးပို့မှုကတကယ်ကို အသုံးဝင်ခဲ့ပြီး ကောင်းမွန်တဲ့အဆုံးသတ်မှုဖြစ်ခဲ့ပါတယ်။ အနိုင် ရရှိခဲ့လို့ အရမ်းပျော်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။