ဘန်လေနဲ့ ပွဲမှာ အိုနာနာလောက်တောင် ဘောလုံး မထိခဲ့ဘဲ ကြောင်ပျောက်နေတဲ့ မန်ယူ တိုက်စစ် ကြယ်ပွင့်
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့စနေညမှာ ဘန်လေကို အနိုင်ကန်ပြီးနောက် ရလဒ်ပိုင်းအရ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့ပါတယ်။
အသင်းလိုက် ကစားပုံ လိုအပ်ချက်တွေ ရှိသေးပေမယ့် မန်ယူအသင်း ပရိသတ်အများစုအတွက် ကစားသမားအချို့ရဲ့ စွမ်းဆောင်မှုဟာ ကျေနပ်စရာဖြစ်ခဲ့တာပါ။
နောက်ခံလူအီဗန်၊ ကွင်းလယ်လူတွေဖြစ်တဲ့ ဟန်နီဘောနဲ့ ဖာနန်ဒက်စ်တို့ ၃ ယောက်ဟာ အရေးအကြောင်းအချိန်မှာ အသင်းနိုင်ပွဲပြန်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ကစားသမားတစ်ယောက်ကတော့ အခုထက်ထိကို ပုံမှန်ခြေစွမ်းပြန်မရသေးပါဘူး။ ပြီးခဲ့တဲ့ရာသီ သူ စွမ်းဆောင်နိုင်ခဲ့တာတွေအရဆို အဲဒါက အံ့အားသင့်စရာအခြေအနေဖြစ်နေတာပါ။
ပြီးခဲ့တဲ့ရာသီအသင်းရဲ့ထိပ်တန်ဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဘန်လေနဲ့ပွဲမှာ ဂိုးသမား အိုနာနာထက်တောင် ဘောလုံးထိချက်ပိုနည်းခဲ့ပါတယ်။
စနေညပွဲမှာ ကင်မရွန်းဂိုးသမားက ဘောလုံးထိချက် ၄၈ ကြိမ်ရှိခဲ့ပေမယ့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှုးကတော့ ဘောလုံးထိချက် ၄၆ ကြိမ်သာ ရှိခဲ့တာပါ။
ဒါ့အပြင် ဘောလုံးပေးပို့မှုမှာလည်း ၂၅ – ၂၄ နဲ့ အိုနာနာကတောင် ရက်ရှ်ဖို့ဒ်ထက် ပိုများခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ခြေစွမ်းတည်ငြိမ်မှုမရှိသေးသလို ဆုံးဖြတ်ချက်တွေလည်း မှားယွင်းနေဆဲဖြစ်ကြောင်း မန်ချက်စတာညနေခင်း သတင်းက သုံးသပ်ခဲ့တာပါ။
မန်ယူပရိသတ်တွေကတော့ ရက်ရှ်ဖို့ဒ် အမြန်ဆုံးခြေမှန်ပြန်ရဖို့ မျှော်လင့်နေကြပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ထိုည ဘန်လေနဲ့ ပွဲအပြီး အိမ်အပြန်မှာလည်း ကားအက်ဆီးဒင့် ဖြစ်ခဲ့သေးပြီး လူကိုတော့ ဘာမှ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။