မက်ဂွဲရား၊ မောင့်ကိုပါ ထည့်ပြီး ဒီည ပဲလေ့စ်နဲ့ပွဲမှာ စိတ်ကြိုက် လူစာရင်း ခင်းတော့မယ့် နည်းပြ တန်ဟက်ရဲ့ အစီအစဉ်
ဒီနေ့ညမှာ မန်ချက်စတာ ယူနိုက်တက်က ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ် အဖြစ် ခရစ္စတယ်ပဲလေ့စ် အား အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာပါ။
နည်းပြ တန်ဟက် အတွက် ဒီ ကာရာဘောင်ဖလားပွဲစဉ်မှာ ကစားသမား တချို့ ပြန်ကောင်းလာတာကြောင့် သူ့ စိတ်ကြိုက် ကစားကွက်ကို ခင်းကျင်း နိုင်ဖွယ် ရှိနေပါတယ်။
ဒီညပွဲမြှ ကွင်းလယ်လူ မေဆင်မောင့် ပြန်ပြီး ကစားနိုင်တော့မယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ စပါးနဲ့ ပွဲစဉ်မှာ ဒဏ်ရာရသွားပြီးတဲ့နောက် ..

မန်ယူနဲ့ အတူ ပါဝင်ခွင့်မရတော့တဲ့ မေဆင်မောင့်ဟာ တံကောက်ကြောဒဏ်ရာကနေ ပြန်ပြီး သက်သာလာပြီ ဖြစ်တာကြောင့် မန်ယူအသင်းကြီးနဲ့အတူ ပုံမှန်လေ့ ကျင့်ခန်းတွေ လုပ်နိုင်နေပြီဖြစ်ပါတယ်။
အဲဒီလို ပုံမှန်လေ့ကျင့်ခန်း ဆင်းနိုင်ပြီ ဖြစ်သလို လေ့ကျင့်ရေးအစီအစဉ်တွေကိုလည်း ကွက်ပြည့် လုပ်ဆောင်နိုင်ပြီ ဖြစ်နေပေမဲ့လည်း အင်္ဂလန်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ကစား ခဲ့တဲ့ ဘန်လေနဲ့ပွဲမှာဆိုရင်တော့ မန်ယူအတွက် ကစားခွင့် မရခဲ့ပါဘူး။
အကြောင်းပြချက်ကတော့ ကစားသမားအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုတာ က တစ်ကြောင်းရှိသလို အနားယူချိန် ပိုပေးချင်တာမျိုးဖြစ်တယ်လို့ မန်ချက်စတာ ညနေခင်းသတင်းဝက်ဘ်ဆိုက်ရဲ့ သတင်းတစ်ရပ်က ဆိုပါတယ်။
ဒါပေမဲ့ အခုညမှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ကာရာဘောင်ဖလားပွဲစဉ် မှာဆိုရင်တော့ မေဆင်မောင့်ဟာ မန်ယူနဲ့အတူ ပါဝင်လာဖို့ အဆင်သင့် အနေအထားဖြစ်နေပြီလို့ သိရပါတယ်။
မေဆင်မောင့်ဟာ ယူနိုက်တက်ကို ချဲလ်ဆီးအသင်းဆီကနေ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ ရောက် လာပြီးတဲ့နောက် ဦးစားပေး ပွဲထွက်ခွင့် ၂ ကြိမ်ပဲ ရသေးတဲ့ ကစားသမား ဖြစ် နေပါတယ်။
တစ်ဆက်တည်းမှာပဲ ဒဏ်ရာပြဿ နာကြုံနေရလို့ ဘန်လေနဲ့ ပွဲစဉ် လူစာရင်းမှာ မပါဝင်ခဲ့တဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားဟာလည်း ပဲလေ့စ်နဲ့ပွဲမှာ ပွဲထွက်ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။
နောက်ပြီး နည်းပြအဲရစ်တန်ဟတ်ဟာ ဒီပွဲမှာ အင်္ဂလန်နောက်ခံ လူကို ပထမဦးစားပေး ပွဲထွက်စာရင်းမှာ ထည့်သုံးဖို့ အစီအစဉ် ရှိတယ်လို့ လည်း ဆက်စပ်သတင်းတစ်ရပ်အရ သိရပါတယ်။
လက်ရှိမန်ယူအသင်းမှာ ရာဖေးလ်ဗာရန်း၊ လီဆန်ဒရိုမာတီနက်ဇ်တို့ အသေးစား ဒဏ်ရာလေးတွေ ရှိနေတာကြောင့် မန်ယူ နည်းပြ အဲရစ်တန်ဟတ်ဟာ ဘန်လေကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲရဲ့ ဗဟိုနောက်ခံလူ အတွဲနေရာမှာ အီဗန်-လင်ဒီလော့ဖ်အတွဲကို သုံးခဲ့ရတာရှိပါတယ်။