အိုနာနာ မဟန်လို့ ဇန်နဝါရီမှ ထိပ်တန်း ဂိုးသမားသစ် တစ်ဦး ထပ်ခေါ်ဖို့ မန်ယူ အသင်း သတင်းထွက်လာ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂိုးသမားသစ် အိုနာနာရဲ့ လက်ရှိ အခြေအနေတွေကြောင့် အက်သလက်တီကို မက်ဒရစ် ဂိုးသမား အိုဘလက်ခ်ကို စိတ်ဝင်စားလာခဲ့တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ယူနိုက်တက်အသင်းဟာ အသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့သူ ဒီဂီယာကို စာချုပ်သက်တမ်း မတိုးမြှင့်တော့ပဲ အသင်းကနေ ထွက်ခွာခွင့်ပြုပြီးတဲ့နောက် ကင်မရွန်း ဂိုးသမား အိုနာနာကိုသာ ခေါ်ယူခဲ့ပြီး ဒီဂီယာနေရာမှာ အစားထိုးသွားခဲ့ပါတယ်။
အိုနာနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အင်တာမီလန်မှာ အတော်လေးကို လက်စွမ်းပြခဲ့သလို အေဂျက်စ်မှာလည်း နည်းပြ အဲရစ် တန်ဟက်နဲ့ လက်တွဲခဲ့ဖူးသူပါ။ တန်ဟက် အသည်းအသန် လိုချင်နေတဲ့ ဂိုးသမားမို့ အသင်းမှာ အံ့ဝင်နိုင်လိမ့်မယ်လို့ ထင်ခဲ့ရပေမယ့်လည်း လက်ရှိမှာတော့ အိုနာနာက အမှားတွေ အရမ်းများပြားနေရပါတယ်။

အိုနာနာရဲ့ ဒီလို အခြေအနေတွေကြောင့် ယူနိုက်တက် ပရိသတ်တွေက ငြိုငြင် ဝေဖန်မှုတွေ ရှိလာသလို ယူနိုက်တက်ကလည်း ဇန်နဝါရီမှာ ဂိုးသမားသစ် ထပ်မံ ခေါ်ယူဖို့ပါ စီစဉ်လာခဲ့ပါတယ်။
လက်ရှိ ယူနိုက်တက် ခေါ်ယူချင်နေတဲ့ ဂိုးသမားက ယခင်ကတည်းက အသင်းရဲ့ ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ အက်သလက်တီကို ဂိုးသမား အိုဘလက်ခ် ဖြစ်ပါတယ်။
ဆလိုဗေးနီးယား ဝါရင့် ဂိုးသမား အိုဘလက်ခ်ဟာ ဥရောပထိပ်တန်း ဂိုးသမားတစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်ကတည်းက အသက်လက်တီကိုအသင်းဆီ ရောက်ရှိနေတာ ဖြစ်ပါတယ်။
လာလီဂါ ဇာမိုရာဆု အကောင်းဆုံး ဂိုးသမားဆုကို (၅)ကြိမ်အထိ ပိုင်ဆိုင်ထားခဲ့ဖူးတဲ့ ဂိုးသမား အိုဘလက်ခ်ကို ယူနိုက်တက်အသင်းက လာမယ့် ဆောင်းဈေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေပြီး အိုဘလက်ခ်သာ ရောက်လာခဲ့မယ်ဆိုရင် အိုနာနာကိုပါ ပြန်လည် ရောင်းချသွားဖွယ်လည်း ရှိနေတယ်လို့လည်း သိရပါတယ်။