မန်ယူ တိုက်စစ်မှုး ဟွိုင်လန်း ကို ထိန်းချုပ်ပြချင်တယ်လို့ ပွဲကြိုစကား ဆိုလာတဲ့ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ

ခရစ္စတယ် ပဲလေ့စ် ခံစစ်မှူး အန်ဒါဆန်က မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဟွိုင်လန်း ကို ချီးကျူးလိုက်ပြီး ထိပ်တိုက် တွေ့လာခဲ့ရင် ထိန်းချုပ်ပြလိုကြောင်း ဒီည ကာရာဘောင်းပွဲစဉ် မတိုင်ခင်မှာ ပြောဆိုလိုက်ပါတယ်။

ပဲလေ့စ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ဟာ ကာရာဘောင်းပွဲနဲ့ ပရီးမီးယားလိဂ် ပွဲ အဖြစ် ဆက်တိုက် ကစားရဖို့ ရှိနေပါတယ်။

ဟွိုငလန်းဟာ ဒဏ်ရာ ပြဿနာကြောင့် အထနှေးနေခဲ့တာမို့ ယုံကြည်မှုပိုင်း တည်ဆောက်ဖို့ရာ ဒီလိုပွဲမှာ လူငယ် တိုက်စစ် သမားကို ထုတ်သုံးဖို့ နည်းပြတန်ဟက်က ဆန္ဒရှိတယ်လို့လည်း သတင်းထွက်နေပါတယ်။

အတ္တလန်တာကနေ ယူနိုက်တက်ထံ ပေါင် ၇၂ သန်းဖြင့် ပြောင်းလာတဲ့ ဒိန်းမတ် တိုက်စစ်သမားနဲ့ ပတ်သက်လို့ ၎င်းရဲ့ နိုင်ငံ အသင်းဖော် ဖြစ်တဲ့ ပဲလေ့စ် နောက်ခံလူ အန်ဒါဆန်က အခုလို မှတ်ချက်ပြုလာခဲ့တာပါ။

” ဟွိုင်လန်းကို ရင်ဆိုင်ရတာမျိုး ရှိလာရင် ပျော်စရာကောင်းမှာပဲ။ သူက ကောင်းမွန်တဲ့ အကျင့်စရိုက်ကောင်းတွေ ရှိတဲ့ လူငယ်တစ်ဦးပါ။ ကစားအားရှိတယ်၊ မြန်တယ်၊ သန်မာတယ်၊ အင်ပြည့်အားပြည့် ရှိပါတယ်။ သူ့လို ကစားသမားကို ရင်ဆိုင်ဖို့ မလွယ်ပါဘူး။

အင်္ဂလန်မှာ သူ တာထွက်ကောင်းနေတယ် ထင်ပါတယ်။ အရင်အပတ်ကလည်း သူဂိုးသွင်းထားတယ်။ လက်ရွေးစင် အသင်း အတွက်ပါ သူဂိုးတွေ အများကြီး သွင်းယူဖို့ မျှော်လင့်ပေမယ့် ကျနော်တို့ချင်း ထိပ်တိုက်တွေ့တဲ့ ပွဲတွေမှာတော့ သူ့ကို ထိန်းချုပ်နိုင်မယ်လို့ ကျနော် မျှော်လင့်ထားပါတယ် ” လို့ အန်ဒါဆန်က ဆိုခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ပဲလေစ့်တို့ဟာ ဒီအပတ်ထဲမှာ ၂ ကြိမ်ဆက်တိုက် ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။

‘ တစ်ပတ်အတွင်း ၂ ပွဲဆက်တိုက် အိုးထရတ်ဖို့ဒ်မှာပဲ ယှဉ်ပြိုင်ရမှာက ဘယ်လို အတွေ့အကြုံ ဖြစ်လာမယ် မသိပါဘူး။ ခက်ခဲနိုင်ပေမယ့် ရလဒ်ကောင်းတွေရဖို့ မျှော်လင့်ပါတယ် ’ လို့လည်း အန်ဒါဆန်က ထပ်လောင်း ပြောဆိုသွားပါတယ်။