မန်ယူ အတွက် လိုအပ်ရင် ဂိုးပါ ဖမ်းပေးမှာ၊ ဒီမှာ ကစားရဖို့ တဘဝလုံး စောင့်ခဲ့တာ လို့ ပြောရင်း သရဲနီတွေရဲ့ အချစ်ကို သိမ်းသွားတဲ့ အမ်မရာဘတ်

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ မန်ယူအသင်းက ပဲလေ့စ်အသင်းကို ၃ ဂိုးပြတ် အနိုင်ယူပြီး ဝေဖန်မှုတွေကို တိတ်ဆိတ်စေခဲ့ပါတယ်။

ဆိုဖယန် အမရာဘတ်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ သူ့ရဲ့ မန်ချက်စတာယူနိုက်တက် ပွဲဦးထွက်အတွက် ဝမ်းသာ ပျော်ရွှင်နေခဲ့သလို ဒီအခိုက်အတန့်အတွက် သူ့တဘဝလုံး ကြိုးစားခဲ့ရတာလို့ ပြောဆိုခဲ့ပါတယ်။

သူဟာ အသင်းကို ရောက်လာပြီးတော့ နောက်ကျောဒဏ်ရာကြောင့် ပွဲဦးထွက်ကစားဖို့ ၃ပတ် ကျော် စောင့်ခဲ့ရတာ ဖြစ်ပါတယ်။

စနေနေ့က ဘန်လေနဲ့ပွဲမှာ လူစားဝင်ပြီး မိနစ်အနည်းငယ် ကစားခဲ့ရတဲ့နောက် ကွင်းလယ်လူဟာ ပဲလေ့စ်ကို ၃-ဝ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ပထမဆုံး ပွဲထွက်ခွင့် ရခဲ့တာဖြစ်ပါတယ်။

“ဒီညကတော့ ပြီးပြည့်စုံတဲ့ ညပဲလို့ထင်တယ်။ ကျွန်တော် ကလေးဘဝကတည်း ဒီလို ဖြစ်လာဖို့ ကြိုးစားခဲ့တာ။ ကျွန်တော့် တဘဝလူံး ဒီအချိန်ကို စောင့်ဆိုင်းနေခဲ့ရတာ” လို့ အမရာဘတ်က ဆိုပါတယ်။

ရက်ဂီလွန် မကစားနိူင်ခဲ့တာကြောင့် အမရာဘတ်ဟာ ဘယ်နောက်ခံလူအဖြစ် ပွဲထွက်ခဲ့ရပေမယ့် တကွင်းလုံး နေရာအနှံ့ ကစားပေးခဲ့တာပါ။

ဖီအိုရင်တီးနားကနေ အငှားဖြင့် ပြောင်းလာတဲ့ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ ဘယ်ခြမ်းကနေ ကွင်းလယ်ကို တက်ကစားရတဲ့ နေရာသစ်မှာ အံဝင်ခပါတယ်။ ကွင်းလယ် မဟုတ်ဘဲ ဘယ်အစွန် နေရာကနေ သူပွဲထွက်လာတော့ အားလုံးက အံ့အားသင့်ခဲ့ကြပါသေးတယ်။

ဘယ်ခြမ်း အစွန်လူအဖြစ် ကစားခဲ့ခြင်းကို အမရာဘတ်က ‘ မန်နေဂျာကို ပြောခဲ့ပါတယ်၊ သူ ထားတဲ့နေရာ ကစားမှာပါ၊ အသင်းက လိုအပ်ရင် ဂိုးသမားနေရာကတောင် ကစားပေးနိုင်ပါတယ် ’ လို့ ပြောဆိုခဲ့ပါတယ်။