နောက်တစ်ဆင့်မှာ နယူးကာဆယ်နဲ့ တွေ့ပေမယ့် ဖြောင့်ဖြူးနေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ကာရာဘောင်း ချန်ပီယံ ခရီးလမ်း
နည်းပြအဲရစ်တန်ဟတ် လက်ထက်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာရာဘောင် ဖလား ပြီးခဲ့တဲ့ရာသီက ဗိုလ်စွဲထားပြီး ဒီရာသီမှာလည်း အလားအလာကောင်းတွေ ရှိနေပါတယ်။
မန်ယူဟာ အခုရာသီ ကာရာဘောင်ဖလားရဲ့ ပြီးခဲ့တဲ့ တတိယအဆင့် ပွဲစဉ် မှာဆိုရင်လည်း အိမ်ကွင်းကစားခဲ့ရပြီး ပဲလေ့စ်ကို အနိုင်ရခဲ့ပါတယ်။
အခု လာမယ့် စတုတ္ထအဆင့်ပွဲစဉ်တွေအတွက် မဲခွဲရလဒ် ထွက်ပေါ်လာချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြိုင်ဘက်က နယူးကာဆယ် အသင်းပါ။ ဒါပေမယ့် မန်ယူက တော့ အဲဒီပွဲကို အိမ်ကွင်းမှာပဲ လက်ခံကစားရဦးမှာပါ။

ဒါကြောင့် နည်းပြတန်ဟတ် ရဲ့အသင်းဟာ ကာရာဘောင်ဖလားကို အိမ်ကွင်း ၁၂ ပွဲဆက်တိုက် ကစားခွင့် ရခဲ့ပြီပဲ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ တတိယ အဆင့်မှာ မန်စီးတီးကို ၁-၀ ဂိုးနဲ့ အလဲထိုးပြီး အနိုင်ယူ လာခဲ့တဲ့ နယူးကာဆယ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ကာရာဘောင်ဖလား စတုတ္ထအဆင့်ကို ရောက်လာခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ်တွေကို ကြည့်လိုက်မယ်ဆိုရင် မန်ယူအပြင် ဝက်စ်ဟမ်း၊ အာဆင်နယ်၊ နယူးကာဆယ်၊ ဘုန်းမောက်၊ လီဗာပူး၊ ချဲလ်ဆီး၊ အဲဗာတန်၊ ဘန်လေလို့ တွေ့ရမှာဖြစ်ပြီး တွဲဆိုင်းတိုင်းမှာ သူ့အခက်အခဲနဲ့သူ ရှိနေကြပါတယ်။
အာဆင်နယ်ဆိုရင် ဟမ်းမားတွေရဲ့ အိမ်ကွင်းကိုသွားပြီး လန်ဒန်ဒါဘီပွဲ ကစားရ မှာဖြစ်သလို လီဗာပူးဆိုရင်လည်း ဘုန်းမောက်အိမ်ကွင်းကို သွားပြီး ကစားရ မှာပါ။
ချဲလ်ဆီးကတော့ ဘလက်ဘန်းကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပေမဲ့ နည်းပြပိုချက်တီနိုရဲ့ အသင်းဟာ ခြေစွမ်းမတည်မငြိမ်ဖြစ်နေတဲ့ အတွက် နောက်တစ်ဆင့်တက်ဖို့ကို ရုန်းကန်ရဦးမယ့် အနေအထားဖြစ်နေပါတယ်။
အဲဗာတန်နဲ့ ဘန်လေတို့ အတွဲကတော့ ဘယ်အသင်းပဲ တက်လာ တက်လာ မန်ယူရဲ့ ပြိုင်ဘက်ကောင်း မဟုတ်တာမျိုးဖြစ်နေပါတယ်။
ဒါကြောင့် ကာရာဘောင်ဖလား ကွာတားဖိုင်နယ်အဆင့်ကို ရောက်နိုင်တဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ် ၆ သင်းပဲ ပါလာတော့မှာဖြစ်ပြီး ကျန်တာ ကတော့ ချန်ပီယံရှစ်နဲ့ တန်းနိမ့်ကလပ်တွေဆီက အနည်းဆုံး တစ်သင်း တက် လာတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီ ဗိုလ်လုပွဲမှာ ဆုံခဲ့တဲ့ ပြိုင်ဘက် ဟောင်းကြီး နယူးကာဆယ်ကို မန်ယူက အခုလာမယ့် စတုတ္ထ အဆင့်မှာသာ ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ရှေ့လာမယ့်ပွဲစဉ်တော်တော်များများဟာ အခက် အခဲမရှိဘဲ ဖြတ်သွားနိုင်မှာဖြစ်တဲ့အတွက် ဒီရာသီ ကာရာဘောင်ဖလားဟာ မန်ယူအတွက်ပဲလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာနေပါပြီ။