တန်ဟက်ပါ ထိုင်ခုံလှုပ်လာတော့မယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်မှာ ပဲလေ့စ်ကို ရှုံးလိုက်တဲ့ ပရီးမီးယားလိဂ် ပွဲ

ပြီးခဲ့တဲ့ ကာရာဘောင်းပွဲမှာ ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကတော့ ဒီည ပရီးမီးယားလိဂ်မှာ ထပ် ရင်ဆိုင် ကစားရချိန်မှာ ရုန်းကန်ခဲ့ရပါတယ်။

ဒဏ်ရာရသူတွေကလွဲရင် သူ့ရဲ့အကောင်းဆုံးလူစာရင်းကို တန်ဟက် က ပွဲထုတ်ခဲ့တာမှန်ပေမယ့်လည်း ကွင်းလယ်နဲ့ တိုက်စစ် အားနည်းချက်တွေက အခက်တွေ့စေခဲ့ရပါတယ်။

အထူးသဖြင့် ရက်ရှ်ဖို့ဒ် ကတော့ သိသာလွန်းခဲ့ပါတယ်။ ခြေစွမ်းမပြနိုင်တဲ့အပြင် ဘောလုံးကို ရှင်းရှင်းလင်းလင်း မကစားဘဲ တကိုယ်တော် ထိုးဖောက်ဖို့ပဲ လုပ်နေလို့ အသင်းဟန်ချက်ပါ ပျက်ခဲ့ရပြီး တိုက်စစ်ပါ သေခဲ့တာပါ။

ပဲလေ့စ်ကတော့ ကျစ်လစ်တဲ့စုဖွဲ့မှုကို အားပြုရင်ဆိုင်ခဲ့ပြီး အခွင့်အရေးရချိန်မှာ အန်ဒါဆန်က အပိုင်ကန်သွင်းပြီး ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်တိုက်စစ်ပိုင်းက တော်တော်လေးအားနည်းခဲ့ပြီး အချိတ်အဆက်မမိခဲ့တာက ပဲလေ့စ်အတွက်လည်း အားသာချက်လိုဖြစ်ခဲ့ပါတယ်။ ခံစစ်ပိုင်းကို သူတို့က သေချာလေး ဂရုစိုက်ချိန်မှာ ထိုးဖောက်ဖို့ရာ အခက်တွေ့ခဲ့ရပြီး ယူနိုက်တက်ဟာ ကာရာဘောင်းဖလားပွဲကထက်ကို ရုန်းကန်ခဲ့ရပါတော့တယ်။

ဒုတိယပိုင်းမှာ ယူနိုက်တက်က ဆက်တိုက်ဖိအားပေးခဲ့ပြီး အချိန်ခဏလေးအတွင်းမှာ ဖာနန်ဒက်စ်နဲ့ ဟော့ဂျ်လန်းတို့ရဲ့ အပိုင်သွင်းယူမှု ၂ ကြိမ်ကို ပဲလေ့စ်ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ဂိုးပြီလို့ ထင်မှတ်ရတဲ့ အခိုက်အတန့်ဖြစ်ပြီး ဂိုးသမားလက်စွမ်းပြခဲ့တာကြောင့် ယူနိုက်တက်တို့ နစ်နာခဲ့ရပြီး ပဲလေ့စ်ကတော့ ကံကောင်းခဲ့ရပါတယ်။

သိပ်မကြာခင် ဖာနန်ဒက်စ်ကန်ချက် ပဲလေ့စ်ကစားသမားလက်နဲ့ထိခဲ့ပေမယ့် ပင်နယ်တီပေးဖို့တော့ ဒိုင်က ငြင်းဆန်ခဲ့ပါတယ်။

ယူနိုက်တက်တို့ ချေပဂိုးပြန်ရဖို့အတွက် တိုက်စစ်ကို အစွမ်းကုန်တင်ကစားခဲ့ပေမယ့်လည်း ဂိုးရဖို့ကတော့ တော်တော်လေးကို ခက်နေခဲ့ပါတယ်။

ပဲလေ့စ်ခံစစ်ကလည်း အလစ်ကိုမပေးဘဲ ထိန်းချုပ်ခဲ့ပြီး ယူနိုက်တက်ကို ဘောလုံးပေးကိုင်ခဲ့ပါတယ်။ ယူနိုက်တက်တို့ တဖက်သတ်ကို ဖိကစားခဲ့ပေမယ့်လည်း လိုအပ်တဲ့ဂိုးမရခဲ့ဘဲ အိမ်ကွင်းမှာပဲ ၁-၀ နဲ့ ပဲလေ့စ်ကို အရေးနိမ့်ခဲ့ရပါတယ်။

ဒီရှုံးပွဲကြောင့် နည်းပြ တန်ဟက်ရဲ့ ထိုင်ခုံရာထူးကလည်း လှုပ်ခတ်လာဖွယ် ရှိနေပါတယ်။